ဒေါပုံမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် မြို့နယ်ရေကစားမဏ္ဍပ်ကို  ဖွင့်လှစ်ခဲ့ပြီး ရေကစားသူများဖြင့် စည်ကားသိုက်မြိုက်

ရန်ကုန်      ဧပြီ       ၁၄

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် မြို့နယ်ရေကစားမဏ္ဍပ်ကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ အရှေ့ဘက်တွင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ရေကစားမဏ္ဍပ်ကို ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ဆက်လက်၍ ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ် ၅ မြို့နယ်မှ ယိမ်းလှပျိုဖြူများမှ မန်းတောင်ရိပ်ခိုသီချင်းဖြင့် တစ်ပြိုင်နက်ကပြဖျော်ဖြေခဲ့ကြပါသည်။ ထို့နောက် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများနှင့် ပြည်သူများက ရေပက်ဆော့ကစားခဲ့ရာ ရေကစားသူများဖြင့် စည်ကားသိုက်မြိုက်ခဲ့ပါသည်။ ထို့အပြင် ဒေါပုံမြို့နယ်ရှိ ဌာနဆိုင်ရာများမှစုပေါင်း၍ မဟာသင်္ကြန် အကြိုနေ့ရက်မှ အတက်နေ့ရက်အထိ ၄ ရက်တိုင်တိုင် ရေကစားသူပြည်သူများအား စတုဒိသာများဖြင့် နေ့စဥ်ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)