မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပုဇွန်တောင်မြို့နယ် မိသားစုရေကစားမဏ္ဍပ်ဖွင့်ပွဲ ကျင်းပ

ပုဇွန်တောင် ဧပြီ ၁၄

ပြည်သူများ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၏ အနှစ်သာရနှင့် ထုံးတမ်းစဉ်လာကို လေးစားတန်ဖိုးထားတတ်စေရန်အတွက် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၊ ပုဇွန်တောင်မြို့နယ် မိသားစုရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီအချိန်က ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ပုဇွန်တောင်ပန်းခြံရှေ့တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပဆင်နွှဲရခြင်းအား ဖတ်ကြားပြီးနောက် ပုဇွန်တောင်မြို့နယ် မိသားစုရေကစားမဏ္ဍပ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။  ထို့နောက် နိုင်ငံကျော် တေးသံရှင် ဝိုင်းလမင်းအောင်မှ မြူမှောင်ဝေကင်းသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယိမ်းအဖွဲ့၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှ ယိမ်းအဖွဲ့နှင့် တက်ရောက်လာကြသော ယိမ်းအဖွဲ့များက ကပြဖျော်ဖြေကြပြီးနောက် တေးသံရှင်များကလည်း မြန်မာ့ရိုးရာသင်္ကြန်သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များမှ တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် ယိမ်းအဖွဲ့များအား အတာရေဖြင့် လိုက်လံပက်ဖျန်းခဲ့ကြသည်။ ပုဇွန်တောင်မြို့နယ် မိသားစုရေကစားမဏ္ဍပ်တွင်  ပြည်သူများအနေဖြင့် နံနက် ၉ နာရီမှ ၁၂ နာရီထိတစ်ကြိမ် ညနေ ၃ နာရီမှ ၆ နာရီထိတစ်ကြိမ် လာရောက်ရေကစားနိုင်ပြီး အဆိုပါမဏ္ဍပ်ရှေ့ရှိ လမ်းလျှောက်သင်္ကြန်တွင်လည်း ပါဝင်ဆင်နွှဲနိုင်ကာ  လာရောက်ဆင်နွှဲသူများအား  တေးသီချင်းများ၊ သင်္ကြန်ယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေမှုများအပြင် သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ   မြန်မာ့ရိုးအစားအစာများဖြင့် စတုဒိသာဧည့်ခံကျွေးမွေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်