ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပ

စစ်တွေ  ဧပြီ   ၁၄

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံရှေ့ ဗဟိုမဏ္ဍပ်၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့်ဇနီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ယိမ်းအကအဖွဲ့များနှင့် ဒေသခံပြည်သူများ တက် ရောက်ကြသည်။

ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နှစ်သစ်ကူးအတာသင်္ကြန်၏ အဓိကရည်ရွယ်ချက်မှာ နှစ်ဟောင်းမှ အညစ်အကြေးများကို နှစ်သစ်သို့မယူဆောင်ဘဲ ရေစင်ရေကောင်းများနှင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြင်နာစွာဖြင့် ပက်ဖျန်းဆေးကြောခြင်းဖြစ်ကြောင်း၊ နှစ်ဟောင်းတွင်ကြုံတွေ့ခဲ့ရသည့် အတွေးအခေါ်၊ အယူအဆဟောင်းများကို ရေစင်ရေကောင်းလောင်းပြီး စိတ်သစ်လူသစ်ဖြင့် မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့ပြည်နယ်၊ မိမိတို့နိုင်ငံအတွက် ကောင်းမွန်သည့် ရလဒ်များရရှိကြအောင် ဆောင်ရွက်ကြရမည့် အချိန်ကာလလည်း ဖြစ်ကြောင်း၊ ရခိုင်၊ မြန်မာပြက္ခဒိန်များမှာ လ(၁၂)လ ကို နွေ၊ မိုး၊ ဆောင်းဟု သုံးရာသီပိုင်းခြားထားရာတွင် ပထမဆုံးလဖြစ်သောတန်ခူးလမှာ နှစ်ဟောင်းကုန်ပြီး နှစ်သစ်သို့ကူးပြောင်းကာ သင်္ကြန်ပွဲတော်ကို ကျင်းပလေ့ရှိကြောင်း၊ နှစ်သစ်ကို ကူးပြောင်းသည့်နေ့ရက် အထိမ်း အမှတ်အဖြစ် ထေရဝါဒဗုဒ္ဓဘာသာကို အခြေခံပြီး ရေနှင့်သန့်စင်ဆေးကြော၍ မင်္ဂလာယူသည့်ပွဲအဖြစ် ကျင်းပကြခြင်းလည်းဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသည့် ပွဲတော်ဖြစ်ပြီး နှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်သာ ကျင်းပရခြင်းမဟုတ်ဘဲ စည်းလုံးခြင်း၊ ညီညွှတ်ခြင်း၊ မကောင်းသော အညစ်အကြေးများကို ဆေးကြောခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ အလှူဒါနပြုခြင်း၊ ပူဇော်ထိုက်သူကိုပူဇော်ခြင်း၊ ရိုသေထိုက်သူကို ရိုသေခြင်းစသော မင်္ဂလာတရားတော်များနှင့်အညီ ကုသိုလ်ကောင်းမှုများဖြင့် အနှစ်သာရပြည့်ဝသည့် မြန်မာ့ရိုးရာ ပွဲတော်မြတ်၊ ပွဲတော်ထူးဖြစ်ခြင်းကြောင့် အဓိပ္ပာယ်ရှိရှိဖြင့် ကျင်းပရသည့်  ပွဲတော်လည်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ရခိုင်ရိုးရာအစဉ်အလာ ဓလေ့ထုံးတမ်းစဉ်လာများနှင့်အညီ အတာသင်္ကြန်ပွဲတော်ကို ဘုရားရေသပ္ပာယ်ပြီးမှ ရေနှင့်သန့်စင်ဆေးကြောကာ မင်္ဂလာယူသောပွဲအဖြစ် ကျင်းပကြခြင်း ဖြစ်ကြောင်းနှင့် ရခိုင်ရိုးရာသင်္ကြန် ဖြစ်ရန်အတွက်လည်း စည်းကမ်းရှိပြီး စနစ်တကျ ပျော်ရွှင်တတ်သည့် လူမျိုးတစ်မျိုးဖြစ်အောင် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ရမည်ဖြစ်ကြောင်း နှစ်သစ်ကူးဆုတောင်း နှုတ်ခွန်းဆက် စကားပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက်နှစ်သစ်ဆုတောင်း တေးသီချင်းဖြင့် ရခိုင်ပြည်နယ် ယဉ်ကျေးမှုယိမ်းအဖွဲ့က ကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများက အဆိုတော်များ၊ ယိမ်းအကအဖွဲ့များ၊ မဏ္ဍပ်ဖွင့်ပွဲသို့ လာရောက်ကြည့်ရှု အားပေးကြသည့် ဒေသခံပြည်သူများအား အတာရေများဖြင့် ပက်ဖျန်းပေးကြကာ ပျော်ပျော်ပါးပါးရေကစား ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ယဉ်ကျေးမှုမှ ယိမ်းအကအဖွဲ့များ၊ ဌာနဆိုင်ရာယိမ်းအကအဖွဲ့များနှင့်စစ်တွေတပ်နယ်မှ ယိမ်းအကအဖွဲ့များက တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဆွေဆွေမြတ်က ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ယိမ်းအကအဖွဲ့များကကပြဖျော်ဖြေကြကာ မဟာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်အေးချမ်းစွာဆင်နွဲခဲ့ကြကြောင်းသိရသည်။

တင်ထွန်း