ကျောက်တံတား ဧပြီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ကျောက်တံတားမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော်၊ ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ၄ နာရီအချိန်က ကျောက်တံတားမြို့နယ်မဟာဗန္ဓုလလမ်းနှင့်ပန်းဆိုးတန်းလမ်းထောင့်ရှိ ပိတောက်ရွှေဝါရေကစားမဏ္ဍပ်၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
အခမ်းအနားတွင် ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးဥက္ကာ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးစံကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂)ဦးကျော်ကျော်သိန်း ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲးမှူးထွေးလှိုင် တို့က ပိတောက်ရွှေဝါ ရေကစားမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး အ.ထ.က (ကျောက်တံတား) လုလင်ပျိုယိမ်းအဖွဲ့မှ “မြူမှုံဝေကင်း တေးသီချင်းဖြင့် ကပြဖျော်ဖြေပေးခဲ့ကြသည်။
ကျောက်တံတားမြို့နယ်၌ပိတောက်ရွှေဝါရေကစားမဏ္ဍတွင် ပြည်သူများအနေဖြင့် နံနက် ၈ နာရီ မှ ၁၂ ထိ တစ်ကြိမ် ညနေ ၃ နာရီမှ ၆ နာရီတစ်ကြိမ် လာရောက်ရေကစားနိုင်ပြီး လာရောက် ဆင်နွှဲသူများအား တေးသီချင်းများ၊ သင်္ကြန်ယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေမှုများအပြင် မြန်မာ့ရိုးအစားအစာများဖြင့် စတုဒိသာ ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်းသိရသည်။
လှလှထွေး (ပြန်/ဆက်)