ငပလီ ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်တွင်ကျရောက်သည့်မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက ရခိုင်ပြည်နယ်ငပလီမြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဝင်များ၊ ယိမ်းအကအဖွဲ့လှပျိုဖြူလေးများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ရိုးရာစည်တော်တီးခတ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးချစ်က နှစ်သစ်ဦးနှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။ထို့နောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ် သူဌေးရေအားလျှပ်စစ်စီမံကိန်းမှညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်း၊မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမောင်သာစိန်နှင့် ဒေါက်တာဇော်ဇာ်အောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားအား မြူမှောင်ဝေကင်းတေးသီချင်းအား စုပေါင်းသီဆိုပြီး တာဝန်ရှိသူများက လှပျိုဖြူလေးများအား သပြေခက်ဖြင့်ရေပက်ဖြန်းကာ တစ်ပျော်တစ်ပါး ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ငပလီမြို့မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ကိုလည်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြကြောင်းသိရသည်။
ယနေ့မဟာသင်္ကြန်ပွဲတော်အကြိုနေ့ နံနက်မှစ၍ ငပလီကမ်းခြေတို့တွင် အနယ်နယ်အရပ်ရပ်မှ ခရီသွားဧည့်သည်များသည် အေးချမ်းသာယာစွာ ရေကစား အပန်းဖြေအနားယူသူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွဲလျက် ရှိကြောင်းသိရသည်။
မြင့်မြင့်အေး(ငပလီပြန်/ဆက်)