ကျောက်ပန်းတောင်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကျင်းပ

ကျောက်ပန်းတောင်း ဧပြီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို၊ ဧပြီ(၁၃)ရက်နေ့ ညနေ(၅)နာရီက ရန်ကုန်-ပြည်-မန္တလေးလမ်းမကြီးဘေး မြို့မကွက်သစ်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းရှေ့ ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်အကြို နုတ်ခွန်းဆက်စကားပြောကြားပြီး ဗဟိုမဏ္ဍပ်ကို ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီးဟိန်းဆက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းလွင်နှင့် မြို့မိမြို့ဖဦးဝင်းမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် ဖျော်ဖြေရေးမဏ္ဍပ်စင်မြင့်တွင် မြန်မာ့ရိုးရာဆိုင်းဝိုင်းနှင့်တွဲဖက်၍ မြူမှောင်ဝေကင်းသီချင်းဖြင့် သီဆိုကပြဖျော်ဖြေ၍ သီဆိုဖျော်ဖြေကြသည့် အနုပညာရှင်များအားနှင့် ကပြဖျော်ဖြေကြမည့် ယိမ်းအဖွဲ့များကို တပ်နယ်မှူး ဗိုလ်မှူးကြီးဟိန်းဆက်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် ဖျော်ဖြေရေးယိမ်းအဖွဲ့(၁၀)ဖွဲ့မှ သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျော်ဖြေကြပြီး ထိုသို့ ကပြဖျော်ဖြေနေစဉ်အတွင်း တပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တာဝန်ရှိသူများက ယိမ်းအဖွဲ့လှပျိုဖြူလေးများအား မွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့ ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီးဟိန်းဆက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ယိမ်းအဖွဲ့ဝင်များ၊အုပ်ချုပ်သူများနှင့် သင်္ကြန်ချစ်သူများဖြင့် စည်ကားသိုက်မြိုက်စွာတက်ရောက် ဆင်နွှဲခဲ့ကြကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)