သထုံ ဧပြီ ၁၄
မွန်ပြည်နယ်၊ သထုံမြို့တွင် ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာရေကစားနိုင်ရေးအတွက် လမ်း လျှောက်သင်္ကြန်ပွဲတော် မုခ်ဦး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ (မဟာသင်္ကြန်အကြိုနေ့) မွန်းလွဲပိုင်းက ရွှေစာရံစေတီတော်မြတ်ကြီးအနီးရှိ ပွဲတော်ကျင်းပရာဘုရားလမ်းပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ပွဲတော်မုခ်ဦးအား အမှတ်(၆၀၆)အမြှောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ကိုဦး၊ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး တက်ရောက်လာကြသူများစုပေါင်းကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ အမှတ်(၆၀၆)အမြှောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ကိုဦး၊ သထုံတပ်နယ်မှူး ဗိုလ်မှူးကြီး အောင်အောင်ဟိန်း၊ သထုံခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့နှင့် အဖွဲ့ဝင်များ၊ မွန်၊ ကရင်၊ ပအိုဝ်း၊ ရခိုင် တိုင်းရင်းသားတိုင်းရင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စသည့် တက်ရောက်လာသူအားလုံးတို့က သထုံမြို့နယ်၏ လမ်းလျှောက်သင်္ကြန်အား တပျော် တပါး ပါဝင်ဆင်နွှဲကြကာ သထုံမြို့ပေါ်ရပ်ကွက်များမှ တည်ခင်းကျွေးမွေးလှူဒါန်း ကြသည့် ရိုးရာအစားအစာ စတုဒီသာတို့ကို ပျော်ရွှင်စွာ သုံးဆောင်ခဲ့ကြသည်။
သထုံမြို့နယ်၏ ယခုနှစ်မဟာသင်္ကြန်ပွဲတော်တွင် ပထမဆုံးအကြိမ်အဖြစ် လမ်းလျှောက်သင်္ကြန်ပွဲတော်ထည့်သွင်းကျင်းပခြင်းဖြစ်ပြီး အကြိုနေ့မွန်းလွဲပိုင်းမှ စတင်ကာ အတက်နေ့အထိ နေ့စဉ် စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်းဖြင့် ကျင်းပ သွားမည်ဖြစ်ကြောင်း ၎င်းအပြင်မဟာသင်္ကြန်ကာလ၌ ရိုးရာ အစဉ်အလာမပျက် သက်ကြီးပူဇော်ပွဲများ၊ ဇီဝိတဒါန ငါးလွှတ်ပွဲများ၊ ရိုးရာအစားအစာများကို စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်းများ၊ အစုအဖွဲ့အလိုက် ရေကစားမဏ္ဍပ်များ စသည်တို့ဖြင့် အေးချမ်းပျော်ရွှင်စွာ ရေကစားခြင်း၊ ကုသိုလ်ပြုခြင်းတို့ဖြင့် ဆင်နွှဲနိုင်စေရန်စီစဉ်ထားကြောင်း မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီမှ သိရသည်။
ခရိုင်(ပြန်/ဆက်)