ကျောက်ဆည်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျောက်ဆည် ဧပြီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၅)နာရီက ရန်ကုန်-မန္တလေး ကားလမ်း ဒေါ်သိုက်ကြီးကွေ့ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ကောင်းမွန်တဲ့အလေ့အကျင့်များနှင့်  နှစ်သစ်ကိုကြိုဆိုကြရမည်ဖြစ်ကြောင်း၊ အနှစ်သာရပြည့်ဝစွာ မဟာသင်္ကြန်ပွဲတော်ကို ကျင်းပသွားမည်ဖြစ်ရာ ကျောက်ဆည်ခရိုင်၏ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြစေလိုကြောင်း နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး မဟာသင်္ကြန်ရေသဘင်ပွဲတော်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်း၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးဇော်နိုင်ဦး၊ အဖွဲ့ဝင်(၂)ဦးအောင်သူ၊ အဖွဲ့ဝင်(၃)ဦးစိုးပိုင်၊ အတွင်းရေးမှူးဒုရဲမှူးကြီးရွှေဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မဟာသင်္ကြန်ရေသဘင်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်သွားမည့် ယိမ်းအကအဖွဲ့(၁၁)ဖွဲ့မှ “မြူမှောင်ဝေကင်း” သင်္ကြန်တေးသီချင်းဖြင့် စုပေါင်းသီဆိုကပြဖျော်ဖြေခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဧည်သည်တော်များက နှစ်သစ်ကူးမဟာသင်္ကြန်အား ကြိုဆိုသည့်အနေဖြင့် အမွှေးနံသာအတာရေများ ဖျန်းပက်ခဲ့ကြောင်း ကျောက်ဆည်မြို့၌ မဟာသင်္ကြန်ရေသဘင်ပွဲတော် နေ့ရက်များတွင် ဖျော်ဖြေရေးအက(၁၁)ဖွဲ့၊ ခေတ်ပေါ်တေးဂီတအဖွဲ့များမှ နေ့စဉ်နံနက်ပိုင်းမှစတင်ကာ သီဆိုကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲဝင်ယိမ်းအကအဖွဲ့(၁၁)ဖွဲ့မှ သင်္ကြန်အကြတ်နေ့တွင် ယှဉ်ပြိုင်ကပြသွားကြမည်ဖြစ်ပြီး သင်္ကြန်အတက်နေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ ပျော်ရွှင်စွာရေကစားနိုင်ရေး အရှည်ပေ(၅၀၀)ရှိ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်ဆောက်လုပ် ပေးထားကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)