ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဒဂုံမြောက် ဧပြီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ရေကစား မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ယနေ့ညနေ ၄ နာရီအချိန်က ကျင်းပရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းတက်ရောက် အမှာစကားပြောကြားပြီး မြန်မာ့ရိုးရာ မဟာ သင်္ကြန်ရေကစားမဏ္ဍပ်အား အမှတ်(၁၄)တပ်ရင်းမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဒေါက်တာရွှေပြည်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ  လှပျိုဖြူများက "မန်းတောင်ရိပ်ခို" သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကသပြေခက်ဖြင့်‌ ရေပက်ဖြန်းကာ ဖျော်ဖြေမှုများကိုကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ဖျော်ဖြေရေးအစီအစဥ်များအဖြစ် မြို့နယ်အတွင်းရှိ သင်္ကြန်လှပျိုဖြူများ၏ ယိမ်းအကများ၊ သီချင်းတီးခတ်မှုများ၊ သီချင်းသီဆိုဖျော်ဖြေမှုများ ​ဖြင့်ပြည်သူများနှင့်အတူ ပျော်ရွှင်စွာအတာသင်္ကြန်အကြိုနေ့ကို စတင်ခဲ့ကြသည်။ မြန်မာ့ရိုးရာ မဟာသင်္ကြန်ရက်များအတွင်း ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ စုပေါင်းလှူဒါန်းမှုဖြင့် လာရောက်ရေကစားကြသည့် ပြည်သူများအား စတုဒီသာများ ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဗဟိုရေကစားမဏ္ဍပ်မှာ ပြည်ထောင်စုလမ်းပေါ်ရှိ မဝတလမ်းဆုံအနီးတွင်ဆောက်လုပ်ထားပြီး မဟာသင်္ကြန်ရက်များတွင် ပြည်သူများလွတ်လပ်ပျော်ရွှင်စွာရေကစားအပန်းဖြေ နိုင်စေရေးအတွက် မဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း ရေလုံလောက်စွာရရှိမှု၊ ရေပက်ဖြန်းသည့် ပစ္စည်းများကြံ့ခိုင်မှု၊ လျှပ်စစ်မီးပြတ်တောက်မှုမဖြစ်စေရေး၊ စသည့်လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက  ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

မြင့်မြင့်ရီ