ဝေါ ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ဝေါမြို့၊ ချမ်းမြသာရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေး မြို့မခန်းမရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းက နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးရွှေသွေး၊ ဦးကြည်ဝင်း၊ ဦးဝင်းဇော်ဦး၊ အတွင်းရေးမှူး ရဲမှူးကျော်စိုး၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအေးလွင်နှင့် မြို့မိ/မြို့ဖ ဦးမြင့်ဝင်းတို့က ဝေါမြို့ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက ယိမ်းအကအဖွဲ့များအား အတာသင်္ကြန်ရေဖြင့် ပက်ဖျန်းပေးခဲ့ကြပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ယိမ်းအကအဖွဲ့များက မြူမှောင် ဝေကင်း သီချင်းဖြင့် စုပေါင်း၍ ကပြဖျော်ဖြေခဲ့ကြသည်။
ဝေါမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သဘင်၊ဂီတအစည်းအရုံးမှတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်းကာ ယိမ်းပြိုင်ပွဲများ၊ ဖျော်ဖြေရေးများ၊ စတုဒီသာကျွေးမွေးပွဲများ၊ အန္တရာယ်ကင်းပရိတ်ရွတ် ဖတ်ပူဇော်ပွဲနှင့် သက်ကြီးဘိုးဘွားပူဇော်ပွဲများကို ဧပြီ ၁၃ ရက်မှ ၁၇ ရက်နေ့အထိ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ စည်ကား သိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)