ခိုလမ် ဧပြီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ခိုလမ်မြို့ ရွှေစေတီမုဒ်ဦးအရှေ့ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်းက မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတစ်ရပ်အနေဖြင့် နှစ်စဉ်ကျင်းပလျက်ရှိသော မဟာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွဲကြကြောင်း၊ မြန်မာတစ်နိုင်ငံလုံးသာမက နိုင်ငံအသီးသီးမှ လူမျိုးအသီးသီးတို့သည် ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့်အညီ နှစ်သစ်ကူးပွဲတော်များကျင်းပရာတွင် မိမိတို့မြန်မာလူမျိုးများသည် နှစ်ဟောင်းမှနှစ်သစ်ကို ကူးပြောင်းချိန်၌ မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ကျင်းပကြကြောင်း၊ မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ရိုးရာမပျက်ဆက်လက်ထိန်းသိမ်းရန်၊ ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင်ပါဝင်ဆင်နွှဲရန်နှင့်စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ အလှူဒါနပြုခြင်းစသည့် မင်္ဂလာအပေါင်းပြည့်စုံစွာဖြင့် နှစ်သစ်ကို အတူတကွ ကြိုဆိုကြရမည်ဖြစ်ပါကြောင်း နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။
ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်ဇော်နိုင်၊ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်သန်းထွန်းအောင်၊ ခိုလမ်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်နှင့်ဇနီးဒေါ်ကြည်ပြဝင်းတို့က မဟာသင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ယိမ်းအဖွဲ့များကသင်္ကြန်မိုး တေးသီချင်းဖြင့် ကပြဖျော်ဖြေခြင်းနှင့်တက်ရောက်လာကြသည့် ပရိသတ်များအား မင်္ဂလာရေစင်ဖျန်းပက်၍ ပျော်ရွှင်စွာ ရေကစားကြသည်။ ယင်းနောက်သင်္ကြန်ယိမ်းအကများ၊ သင်္ကြန်သီချင်းများဖြင့် ဖျော်ဖြေကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)