တောင်ကြီးမြို့ မြန်မာ့ရိုးရာမဟာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ကျင်းပ

တောင်ကြီး ဧပြီ ၁၄

၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာမဟာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ဧပြီ(၁၃)ရက်ညနေ(၃)နာရီက တောင်ကြီးမြို့ သစ်တောရပ်ကွက်၊  လွှတ်တော်ရုံးလမ်းရှိ ရှမ်းပြည်နယ်အစိုးရရုံးအဖွဲ့ရုံးရှေ့၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ယခုလို မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲသည့်အခါ ကိုယ်စီရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာကို ထိန်းသိမ်းခြင်း၊ ဂုဏ်သိက္ခာရှိစွာ စည်းကမ်းတကျပါဝင်ဆင်နွှဲခြင်းဖြင့် တူယှဉ်နွှဲပျော် တောင်ကြီးအင်းလေးမဟာသင်္ကြန်ပွဲတော်ကို ကြိုဆိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာ့ရိုးရာမဟာအတာ တောင်ကြီးသင်္ကြန်ဗဟိုမဏ္ဍပ်ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ ရပ်မိရပ်ဖတစ်ဦးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည် ။

ထို့နောက် မင်္ဂလာရှိသောသင်္ကြန် တေးသီချင်းဖြင့် ယိမ်းအဖွဲ့များအားလုံးမှ ပါဝင်ကပြကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက အတာရေပက်ဖျန်းပေးကြပြီး နိုင်ငံကျော် အဆိုတော် ၊ သရုပ်ဆောင်များဟိမ်းအကအဖွဲ့များမှ သီဆိုကပြဖျော်ဖြေကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)