ဂွ ဧပြီ ၁၃
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ဂွမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်တွင် ကျရောက်သည့် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းအချိန်က မြို့မရပ်ကွက် သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်တွင် ရိုးရာ(၁)ပြိုင်ပွဲဝင်အသင်း၊ ရိုးရာ(၂)ပြိုင်ပွဲဝင်အသင်း၊ မြို့မရပ်ကွက် ပြိုင်ပွဲဝင်အသင်း၊ ရွာမရပ်ကွက်ပြိုင်ပွဲဝင်အသင်း၊ ကင်းရုံးရပ်ကွက်ပြိုင်ပွဲဝင်အသင်း၊ မကျေးငူကျေးရွာ ပြိုင်ပွဲဝင်အသင်း၊ ရဟိုင်ကူးတို့ကျေးရွာပြိုင်ပွဲဝင်အသင်း၊ တောင်ပေါက်ကျေးရွာ ပြိုင်ပွဲဝင်အသင်းများက ဝင်ရောက်ယှဥ်ပြိုင်ကြပြီး ဌာနဆိုင်ရာအကြီးအကဲများပါဝင်သည့် ဒိုင်အဖွဲ့မှ ပြိုင်ပွဲစည်းကမ်းချက်များကို ပြောကြားပြီး အသင်း(၈)သင်းအား ပြိုင်ပွဲစည်းကမ်းချက်များအလိုက် အမှတ်ပေးခြင်း၊ နံ့သာရည်အနှစ် ပမာဏ အနည်း/အများ ပမာဏရရှိခြင်းအပေါ် အကဲဖြတ်အမှတ်ပေးစနစ်ဖြင့် အမှတ်ပေးသွားမည်ဖြစ်သည်။ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ ရရှိသည့် အသင်းဝင်များကို ညနေပိုင်းတွင် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ရခိုင်ရိုးရာယဉ်ကျေးမှုစည်တော်အဖွဲ့က ဦးဆောင်ပါဝင်ကူညီအားဖြည့်ထားကြောင်း သိရသည်။ နံ့သာသွေးပြိုင်ပွဲမှ ရရှိသော နံ့သာရည်များကို ယနေ့ ညနေပိုင်းအချိန်တွင် သိမ်ကုန်းစေတီတော်မြတ်ကြီး၌ ဘုရားရေသပ္ပါယ် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့မိမြို့ဖများ၊ အကဲဖြတ်ဒိုင်လူကြီးများနှင့် မြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူများ၊ နံ့သာသွေးပြိုင်ပွဲဝင်အသင်းသားများတက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်