သထုံမြို့နယ်၌ ရခိုင်တိုင်းရင်းသားရိုးရာ မဟာသင်္ကြန်နံ့သာသွေးပွဲနှင့် ဘုရားရေ သပ္ပါယ်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပ

သထုံ   ဧပြီ    ၁၃

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စတုတ္ထအကြိမ်မြောက် ရခိုင်တိုင်းရင်းသားရိုးရာ မဟာသင်္ကြန်နံ့သာသွေးခြင်းနှင့် ဘုရားရေသပ္ပါယ်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ (မဟာသင်္ကြန်အကြိုနေ့) နေ့လယ် ၁၂ နာရီခွဲ အချိန်ခန့်က စတင်ကာ သိမ်ကုန်းရပ်ကွက်၊ ရွှေစာရံစေတီအနီးရှိ ပရိယတ္တိသဒ္ဓမ္မလင်္ကာရ ဟိတကာရီစာသင်တိုက်၌ ရခိုင်တိုင်းရင်းသား သာရေးနာရေးနှင့်ယဉ်ကျေးမှုအသင်းမှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ပရိယတ္တိသဒ္ဓမ္မ လင်္ကာရ ဟိတကာရီစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တဣန္ဒောဘာသာ ဘိဝံသထံမှ ကြွရောက်လာသူတို့က သီလခံယူဆောက်တည်ပြီး ဩဝါဒတရားနာယူကြသည်။

ယင်းနောက် နံ့သာသွေးပွဲကိုကျင်းပရာ ရိုးရာစည်တော်အဖွဲ့မှစည်တော်အားတီးခတ် ခြင်း ရခိုင်တိုင်းရင်းသား၊ တိုင်းရင်းသူလူငယ်များက ရိုးရာအစဉ်အလာနှင့်အညီ တပျော်တပါးနံ့သာသွေးခြင်း ဘုရားဆင်းတုတော်များအား သတ်မှတ်ထားသည့်နေရာများသို့ ပင့်ဆောင်၍ ရေသပ္ပါယ်ခြင်း အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပူဇော်ခြင်း တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော်များ၊ သထုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ သထုံခရိုင်ရခိုင် တိုင်းရင်းသား သာရေးနာရေးနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများနှင့် တိုင်းရင်းသားတိုင်းရင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)