ကျောက်ဖြူ ဧပြီ ၁၃
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်တွင် ကျရောက်သည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမဆောင်တွင် ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
ဦးစွာ နံ့သာသွေးပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ နာယက၊ ခရိုင်အုပ်ချုပ်ရေးမှူး၏ဇနီး ဒေါ်ရတနာဝင်းမောင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုကျင်းပသည့် နံ့သာသွေးပြိုင်ပွဲသည် ဗုဒ္ဓဘုရားရှင်အား နံ့သာရည်ပက်ဖျန်းပြီး ရေသပ္ပါယ်တော်မူရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်သောပြိုင်ပွဲဖြစ်သည့်အတွက် ပြိုင်ပွဲဝင်သမီးငယ်များမှာလည်း အနိုင်အရုံးကိုအဓိကထား ယှဉ်ပြိုင်ခြင်းမျိုးမဟုတ်ပဲ ဗုဒ္ဓရှင်တော်မြတ်ဘုရားကိုရည်မှန်းကာ နံသာရည်ပက်ဖျန်းပြီး ရေသပ္ပါယ်တော်မူရန်ဆိုသည့် ကောင်းမြတ်သောစိတ်ထားဖြင့် ယှဉ်ပြိုင်မည်ဆိုပါက ကောင်းမှုကုသိုလ်များ တိုးပွားစေမည်ဖြစ်ပါကြောင်းနှင့် နံ့သာသွေးပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် နံ့သာသွေးပြိုင်ပွဲကျင်းပရေးကော်မတီဉက္ကဋ္ဌ မြို့နယ်ပညာရေးမှူးဒေါ်နုနုသာမှ ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲစတင်ဖြစ်ပေါ်လာပုံ အကြောင်းအရာများအား ရှင်းလင်းပြောကြားပြီး နံ့သာသွေးပြိုင်ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူးဒေါ်ထွေးထွေးရီမှ ပြိုင်ပွဲ၏ စည်းမျဉ်း၊ စည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားကာ ပြိုင်ပွဲဝင်အသင်းပွဲစဉ်များအား မဲစနစ်ဖြင့် သတ်မှတ်ရွေးချယ်ပေးခဲ့သည်။
ထို့နောက် နံ့သာသွေးပြိုင်ပွဲအားဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်အသင်း(၈)သင်းတို့၏ ဝင်ရောက်ယှဉ်ပြိုင်မှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးရဲလင်းမောင်နှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ နံ့သာသွေးပြိုင်ပွဲကျင်းပရေးကော်မတီ နာယကများ၊ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဒိုင်ချုပ်များနှင့် ဒိုင်အဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက အားပေးကြည့်ရှုခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် ပထမဆုအား အရာရှိ+ကညင်တောရပ်ကွက်မှလည်းကောင်း၊ ဒုတိယဆုအား အစိုးရ+သန်ပန်ချောင်းရပ်ကွက်မှလည်းကောင်း၊ တတိယဆုအား ငလပွေ့+ကုလားဘာတောင် ရပ်ကွက်မှလည်းကောင်းအသီးသီး ရရှိခဲ့ကြသည်။
ရခိုင်ပြည်နယ်တစ်ဝန်း ယဉ်ကျေးမှုအစဉ်အလာအရ ရိုးရာသင်္ကြန်ပွဲတော်မကျင်းပမီ ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲများ ကျင်းပလေ့ရှိပြီး ရရှိလာသောအမွှေးနံ့သာရေများဖြင့် ဗုဒ္ဓရုပ်ပွားတော်များအား ဘုရားရေသပ္ပါယ်ခြင်းကို ဆောင်ရွက်ကြရာ ကျောက်ဖြူမြို့တွင်လည်း ပြိုင်ပွဲဝင်လှပျိုဖြူလေးများသည် ဂုံးချွိန်ကျေးရွာရှိ သမိုင်းဝင်တန်ခိုးကြီး ကံ့ကော်တောဘုရားသို့သွားရောက်၍ ၎င်းဘုရားဝင်းအတွင်းရှိ ဘုရားဆင်းတုတော်များအား အမွှေးနံ့သာရေများဖြင့် ရေသပ္ပါယ်ပြီး ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး