မြေပုံမြို့၌ အသက်(၈၅)နှစ်နှင့် အထက် ဘိုး/ ဘွား (၇၄)ဦးတို့အား သက်ကြီးပူဇော်ပွဲကျင်းပ

မြေပုံ ဧပြီ ၁၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုး/ ဘွား(၇၄)ဦးတို့ အားသက်ကြီးပူဇော်ပွဲကျင်းပခြင်းကိုယနေ့နံနက်(၈)နာရီအချိန်က မြို့မဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင် ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းပါဝင်သော သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီမှ ကြီးမှူးကျင်းပပြုလုပ်သော သက်ကြီးပူဇော်ပွဲအခမ်းအနားကို ရက္ခိတမင်္ဂလာစည်တော်ဝိုင်း သံပြိုင်တီးခတ်ဖွင့်လှစ်ပြီး သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီ၏ ယဉ်ကျေးမှုဆပ်ကော်မတီမှ ရိုးတောင်ရိပ်ကသာခြင်းသံအကဖြင့် ဂုဏ်ပြုကပြဖြေဖျော်သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သက်ကြီးပူဇော်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ဝမ်းမြောက်ကြောင်း မုဒိတာစကားပြောကြားပြီး သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီ ဘဏ္ဍာရေးမှူးဦးစံညွှန့်က သက်ကြီးပူဇော်ပွဲအောင်မြင်စွာကျင်းပနိုင်ခြင်းနှင့်ပတ်သက်၍ အလှူထည့်ဝင်သူများအား ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကဦးဆောင်လျက် မြေပုံမြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီဝင်တို့က သက်ကြီးဘိုး/ဘွားများအား မင်္ဂလာရေစင်ပတ်ဖျန်း ပူဇော်ပေးသည်။ ထို့နောက် သက်ကြီး ဘိုး/ ဘွားများအား လက်အုပ်ချီမိုးရှိခိုးကန်တော့ပြီး သက်ကြီး ဘိုး/ ဘွားတစ်ဦးလျှင် ဝတ္ထုငွေ (၅ဝဝဝဝိ/-)စီနှုန်းဖြင့် လှူဒါန်းသည်။ ဆက်လက်၍ အလှူရှင် ဦးမောင်သိန်းကျော် မိသားစုမှလည်း ဘိုး/ ဘွားတစ်ဦးလျှင် (၁၅ဝဝဝိ/-)စီနှုန်းဖြင့် လှူဒါန်းသည်။ ထို့နောက် သက်ကြီး ဘိုး/ဘွားများကိုယ်စား အဘိုးဦးကျော်ဖြူမှ ဆုတောင်းမေတ္တာစကားပြောကြားပြီး သက်ကြီးပူဇော်ပွဲကော်မတီ၏ ယဉ်ကျေးမှုဆပ်ကော်မတီမှ သမိုင်းထင်ရှားရခိုင်သားယိမ်းအကဖြင့် ပူဇော်တင်ဆက်၍ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။

တင်ဝင်း