မူဆယ် ဧပြီ ၁၃
မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို တမူထူးခြားစည်ကားစွာဆင်ယင်ကျင်းပရန်၊ မိဘပြည်သူများ၊ ပြည်တွင်းခရီးသွားဧည့်သည်များ ပျော်ရွှင်စွာအပန်းဖြေနိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ပန်းဆေးလုံထန်မဏ္ဍပ်(ဗဟိုမဏ္ဍပ်)တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က မူဆယ်မြို့နယ်၏ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်စစ်ဦးစီးဗိုလ်မှူကြီး ဇော်မင်းထက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် ဒေသတွင်းရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများက မြန်မာ့နှစ်သစ်ကူး အချိန်အခါကို ကြိုဆိုသောအားဖြင့် ဗဟိုမဏ္ဍပ်(ပန်းဆေးလုံထန်)တွင် ယိမ်းအကများ၊ တိုင်းရင်းသားရိုးရာအကများဖြင့် စည်ကားသိုက်မြိုက်စွာဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
ယင်းနောက် နံနက် ၁၀ နာရီတွင် မြို့မရေကစားမဏ္ဍပ်အားလည်းကောင်း၊ နေ့လည် ၁၄ နာရီတွင် အိမ်မက်ကမ္ဘာရေကစားမဏ္ဍပ်အားလည်းကောင်း၊ နေ့လည်(၁၅:၀၀)နာရီတွင် အောင်ချမ်းသာ မိသားစုရေကစားမဏ္ဍပ်အားလည်းကောင်း၊ ညနေ ၁၆ နာရီတွင် စိန်စီမိသားစုရေကစား မဏ္ဍပ်ကိုလည်းကောင်း မြန်မာ့နှစ်သစ်ကူးအချိန်အခါကို ကြိုဆိုသောအားဖြင့် စည်ကားသိုက်မြိုက်စွာ ကြိုဆိုဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
မူဆယ်မြို့နယ်၏ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အား (၁၃-၄-၂၀၃)ရက်နေ့မှ (၁၆-၄-၂၀၂၃)ရက်နေ့အထိ တော်ဝင်ထန်ရိမဏ္ဍပ်၊ ပန်းဆေးမဏ္ဍပ်၊ မန်တုံမဏ္ဍပ်၊ တာမိုးညဲမဏ္ဍပ်၊ စိန်စီမဏ္ဍပ်၊ စိန်ရှင်းမဏ္ဍပ်စသည့် မဏ္ဍပ်ကြီး(၇)တွင် ဒေသခံအနုပညာရှင်များ၊ ရိုးရာယဉ်ကျေးမှု အကအလှများ၊ သင်္ကြန် ယိမ်းအကအဖွဲ့များ၏ တင်ဆက်ဖျော်ဖြေမှုများ၊ စေတနာရှင်အလှူရှင်များ၏ စတုဒိသာအလှူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
မူဆယ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် ကိုဗစ်-၁၉ အလွန်ကာလ နှစ်သစ်ကူး မဟာ သင်္ကြန်ပွဲတော်ကို ပြန်လည်နွှဲပျော်ဆင်နွှဲကြရသည့်အလျောက် ရေပက်ကစားရာတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုစောင့်ထိန်းလျက် ရိုးရာမပျက်ရေးပက်ကစားကြကြောင်းကိုလည်း သိရသည်။
ချယ်ရီမြေ