မိုင်းယောင်း ဧပြီ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နှစ်သစ်ကူးသင်္ကြန်ပွဲတော်ဖွင့်ပွဲကို ဧပြီ ၁၃ ရက်က ခြိမ့်ခြိမ့်သဲဆင်နွှဲခဲ့ကြသည်။ အရောင်အသွေးစုံလင်သော သင်္ကြန်အကြိုနေ့အတွင်း ရေပက်ခံထွက်သူများ၊ ရေပက်သူများ၊ သင်္ကြန်မဏ္ဍပ်ကြီးများဖြင့် တေးဂီတဖျော်ဖြေတင်ဆက်မှုများ၊ စတုဒိသာကျွေးမွေးမှုများအပြင် ဈေးရောင်းချသူများဖြင့် စည်ကားခဲ့သည်။
သင်္ကြန်အကြိုနေ့တွင် မိုင်းယောင်းမြို့နယ်တစ်ခွင်လုံး၌ အတာရေပက်ကစားကြသူများ၊ ရေပက်ခံထွက်သူများနှင့် သင်္ကြန်ချစ်သူပြည်သူများသည် မြန်မာ့ရိုးရာယဉ်ကျေးမ ဓလေ့ထုံးတမ်းနှင့်အညီ အစဉ်အလာအမွေအနှစ်ကောင်းများကို ထိန်းသိမ်းကာ ယိမ်းအက၊ ရိုးရာအက၊ အဆို၊ ဆစ်ဆောင်ပန်းနားအက၊ လွယ်လအက၊ ရှမ်းသိုင်းအကအလှတို့ဖြင့် မြူးထူးပျော်ရွှင်စွာ ရေကစားကြရာ ဗလမင်းထင်လမ်းတစ်လျှောက်နှင့် မြို့တွင်းအနံ့ သင်္ကြန်ရေကစားမဏ္ဍပ်တို့၌ စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
သင်္ကြန်အကြိုနေ့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများသည် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ အတာရေသဘင်ပွဲကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့နောက် ယိမ်းလှပျိုဖြူများ၊ ရိုးရာအကလှပျိုဖြူများ၊ တေးသံရှင်များ၏ အဆို၊ အက၊ အလှများဖြင့် ဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း