မြောက်ဦးမြို့တွင် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အထိမ်းအမှတ် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲ ကျင်းပ

မြောက်ဦး  ဧပြီ  ၁၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်တွင် ကျရောက်မည့် ရခိုင်ရိုးရာနံ့သာ သွေးပြိုင်ပွဲကိုယနေ့ နံနက်ပိုင်းအချိန်က မြို့ပေါ် ရပ်ကွက်အလိုက် နံ့သာသွေးပြိုင်ပွဲကျင်းပပြုလုပ်လျက်ရှိသည်။

(၉) ကြိမ်မြောက်  ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကြက်ဈေးရပ်ကွက် အ.မ.ကကျောင်း၌ကျင်းပရာ ရပ်ကွက်ရှိအကြီးအကဲများမှ ဒိုင်အဖွဲ့ဖွဲ့စည်းပြီး ဒိုင်အဖွဲ့ဝင်ကိုယ်စားလှယ်မှ ပြိုင်ပွဲ၏ စည်းကမ်းချက်များကို ပြောကြားရာတွင်တူညီဝတ်စုံဝတ်ဆင်ခြင်း၊ ပြိုင်ပွဲစည်းကမ်းချက်များကို လိုက်နာမှုရှိခြင်း၊ နံ့သာရည်အနှစ် ပမာဏအများ ဆုံးရရှိခြင်းအပေါ် အကဲဖြတ်အမှတ်ပေးစနစ်ဖြင့် ယဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ကြပြီး နံ့သာသွေးပြိုင်ပွဲကို အထူးစည်းကားသိုက်မြိုက်စွာကျင်းပလျှက်ရှိပြီးထိုပြိုင်ပွဲမှ ရရှိသောနံ့သာရည်များကို မြို့ပေါ် ရပ်ကွက်ရှိဘုရား၊ ပုထိုး၊ စေတီများသို့ ယနေ့ ညနေပိုင်းအချိန်တွင် ရပ်ကွက်အလိုက် ဘုရားရေသပ္ပါယ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊  မြို့မိမြို့ဖများ၊ အကဲဖြတ်ဒိုင်လူကြီးများနှင့် မြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူများ၊ နံ့သာသွေးပြိုင်ပွဲဝင်အသင်းသားများတက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်စိုး၊စိုးငြိမ်းနိုင် (ပြန်/ဆက်)