ကျောက်ဆည်မြို့၌ မဟာသင်္ကြန်ကာလအကြိုနေ့ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလစောင့်ထိန်းသူများနှင့်စည်ကား

ကျောက်ဆည် ဧပြီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာဘုန်းတော်ကြီး ကျောင်းများတွင် မဟာသင်္ကြန်ကာလအကြိုနေ့၌ စတုဒိသာကျွေးမွေး၍ ကုသိုလ်ယူသူများ၊ ဥပုသ်သီလ စောင့်ထိန်းသူများနှင့်စည်ကားလျက်ရှိရာ ယနေ့နက်(၈)နာရီခွဲက ပြည်လုံးနိုင်ရပ်ကွက်၊ သရက်ခြံဘုန်းတော်ကြီးကျောင်းတွင် ဥပုသ်သီလစောင့်ထိန်းသူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဥပုသ်သီလစောင့်ထိန်းခြင်းများနှင့်ပတ်သတ်၍ ဝါတွင်းကာလအခါကြီးရက်ကြီးများနှင့် နှစ်သစ်ကူးသင်္ကြန် ဥပုသ်ရက်များတွင် အမြဲသီလယူဥပုသ်စောင့်ထိန်းကြောင်း၊ ဥပုသ်သည်များအတွက် အကြိုနေ့မှစ၍ နှစ်ဆန်း(၁)ရက်နေ့အထိ စတုဒိသာထမင်းများ၊ အခြားအာဟာရကုသိုလ်ရှင်များနှင့် စည်ကားလျက်ရှိပြီး ဥပုသ်စောင့်ထိန်းခြင်းဖြင့် မိမိစိတ်တွင် ကြည်လင်တည်ငြိမ်မှုများရရှိကြောင်း ဥပုသ်သီလစောင့်ထိန်းသူ ဒေါ်နုနုက ပြောပြသည်။

ကျောက်ဆည်မြို့နယ်တွင် နှစ်သစ်ကူးမဟာသင်္ကြန်ကာလအကြိုနေ့၌ မဟာရွှေသိမ်တော်ဆုတောင်းပြည့်ဘုရား၊ ရွှေဂူကြီးဘုရား၊ ရွှေဆပ်သွားဘုရားများတွင်းလည်း ကုသိုလ်ယူသူများ၊ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သက်မောင် (ခရိုင်၊ပြန်/ဆက်)