မိုင်းပျဉ်းမြို့နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

မိုင်းပျဉ်း  ဧပြီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၏ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာ သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ပိန်းဆန်းရပ်ကွက်၊ စည်ပင်သာယာရေးဝင်း၊ ဗဟိုသင်္ကြန် မဏ္ဍပ်၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ မိုင်းပျဉ်းမြို့နယ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို အမှတ်(၁)နည်းဗျူဟာမှူး ဗိုလ်မှူးကြီးသန့်ဇင်ဦး၊ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး စောဝင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် အတာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဝင်းက နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး သင်္ကြန်ယိမ်းအဖွဲ့များက “မြူမှောင်ဝေကင်း”သီးချင်းဖြင့် စုပေါင်းသီဆို ကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရှိရသည်။

မိုင်းပျဉ်းမြို့နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများမှ ကာရာအိုကေဖြင့် သီဆို ဖျော်ဖြေခြင်းနှင့် ဌာနဆိုင်ရာများမှ စတုဒီတာဧည့်ခံကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး၊ ဖွင့်ပွဲအခမ်းအနားသို့ တပ်ရင်းတပ် နယ်မိသားစုများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ စုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

(နန်းသန္တာဦး)