ဒလ ဧပြီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ဒလမြို့ နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဖျော်ဖြေရေးရေကစားမဏ္ဍပ်အား တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်ကျော်နှင့်အဖွဲ့ဝင်များ၊ ဒလ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစည်သူကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် သင်္ကြန်ယိမ်းအကအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျော်ဖြေကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက သပြေခက်နှင့်အတာရေများ လိုက်လံပက်ဖျန်း၍ စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်းသိရသည်။
ဒလမြို့နယ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဖျော်ဖြေရေး ရေကစားမဏ္ဍပ်တွင် သင်္ကြန်ကာလ(၄)ရက်အတွင်း သင်္ကြန်ယိမ်းအကအလှများ ကပြဖျော်ဖြေခြင်း၊ အဆိုတော်များမှ သင်္ကြန်တေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်၍သင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်ဇော်(ပြန်/ဆက်)