ရမည်းသင်းမြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ဖွင့်ပွဲကျင်းပ

ရမည်းသင်း ဧပြီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈:၃၀ နာရီအချိန်က ရမည်းသင်းမြို့အောင်မင်္ဂလာရပ်ကွက်ရှိ ရန်ကုန်-မန္တလေးကားလမ်းအနီး ဗိုလ်ချုပ်ကြေးရုပ်မြောက်ဘက်ရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်းက မြန်မာတို့၏ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ပြည်သူများပျော်ရွှင်စွာနှင့် စိတ်အေးချမ်းစွာ ရေကစားခြင်းဖြင့်ယဉ်ကျေးမှုအမွေကိုထိန်းသိမ်းကြရန်ရှင်းလင်းပြောကြားပြီး မင်္ဂလာအချိန်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ကို အမှတ်(၃)စစ်အခြေခံလေ့ကျင့်ရေးတပ်၊ တပ်နယ်မှူးဗိုလ်မှူးကြီးဇော်မြင့်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမောင်ရွှေသိန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဝင်းဗိုလ်နှင့် မြို့မိမြို့ဖဦးသန်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ယိမ်းအက အဖွဲ့များမှမြနန္ဒာသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ရာယိမ်းအကအဖွဲ့များအား တာဝန်ရှိသူများက အတာရေပက်ဖြန်းပေးခဲ့ကြသည်။

ထို့နောက်ရမည်းသင်းမြို့နယ်အတွင်း ယိမ်းအကပြိုင်ပွဲကိုကျင်းပရာ တာဝန်ရှိသူများနှင့်ပြည်သူများက ကြည့်ရှုအားပေးခဲ့ကြပြီး ရေကစားကြသူများဖြင့် စည်းကားလျက်ရှိကာ ယိမ်းအကအဖွဲ့(၁၃)ဖွဲ့မှ နေ့စဉ်ယှဉ်ပြိုင်ကပြဖျော်ဖြေပြီး အနုပညာတေးသံရှင်များဖြင့် ဖျော်ဖြေတင်ဆက်မှုများ၊ ရေကစားသူများနှင့်အေးချမ်း၊ ပျော်ရွှင်၊ စည်ကားလျက်ရှိကြောင်း သိရသည်။

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)