သံတွဲ ဧပြီ ၁၃
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌သင်္ကြန်အကြိုနေ့ ယနေ့နံနက် ၇း၃၀ နာရီအချိန်တွင် လှပျိုဖြူလေးများသည် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ ဘုရားစေတီပုထိုးများအား ရေသပ္ပါယ်ပူဇော်နိုင်ရေးအတွက် နံ့သာသွေးခြင်းတို့ကိုဆောင်ရွက်ကြပြီး နံနက် ၉ နာရီတွင် သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လှပျိုဖြူအဖွဲ့များပူးပေါင်း၍ ဗျာဒိတ်တော်ရသမိုင်းဝင်တန်ခိုးကြီး ရွှေဆံတော်စေတီ၊ ရွှေအံတော်စေတီနှင့် ရွှေနံတော်စေတီများသို့ လှည့်လည်ကာ ရေသပ္ပါယ်ပူဇော်ခဲ့ကြသည်။
ထိုသို့ နှစ်သစ်ကူး အတာသင်္ကြန်ကျရောက်တိုင်း ရခိုင်ပြည်သူများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံအရ မိမိတို့ထံပါးတွင် ကျရောက်လျက်ရှိသည့် ကာယကံ၊ ဝဇီကံ၊ မနောကံတို့ဖြင့်ပစ်မှားခဲ့သောအပျက်တို့ကို ပပျောက်စေရန်ရည်ရွယ်၍ မြတ်စွာဘုရားအား တောင်းပန်ဝန်ချကန်တော့၍ အမွှေးနံ့သာရေများဖြင့် ရေသပ္ပါယ်ပူဇော်ခဲ့ကြပြီးမှ အတာရေသဘင်ပွဲတော်ကိုပျော်ရွှင်စွာဆင်နွဲကြကြောင်း ဆရာတော်ကြီးများ၏ ဟောချက်များအရသိသည်။
သန့်ဇင်(ခရိုင်ပြန်/ဆက်)