သုံးခွ အောက်တိုဘာ ၂
ရန်ကုန်တောင်ပိုင်းခရိုင်သုံးခွမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မြို့နယ်အတွင်းရှိမဲရုံးများတွင် လုံခြုံရေး တာဝန်ထမ်းဆောင်နိုင်ရန် အထူးရဲ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦးက ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအတွက် အထူးရဲခန့်အပ်ရန် သင်တန်းပေးရခြင်းနှင့် ပတ်သက်သည်များကို ရှင်းလင်း ပြောကြားခဲ့ပြီးနောက် သုံးခွမြို့နယ်တွင် လက်ရှိမဲရုံ အရေအတွက် အတိုင်း မဲရုံတစ်ရုံကို အထူးရဲတစ်ဦးနှုန်း ခန့်အပ် သွားမည်ဖြစ်ကြောင်း၊ ရွေးချယ် ခန့်အပ်သည့် အထူးရဲ ၁၇၅ ဦးအတွက် နှစ်ရာခိုင်နှုန်းကိုလည်း အပိုစုဆောင်းထားရှိကြောင်း၊ အထူးရဲ ရွေးချယ်ခံရသူများကိုလည်း ယနေ့မှစပြီး သင်တန်းပေး လေ့ကျင့်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ သင်တန်းတွင် ရွေး ကောက်ပွဲနှင့်ပတ်သက်သည့် ဥပဒေအကြောင်းအရာများ အခြေခံစစ်ရေးပြနှင့် စာတွေ့ လက်တွေ့များ သင်ကြားပို့ချမည်ဖြစ်ကြောင်း အထူးရဲတပ်ဖွဲ့ဝင် များ အတွက် ရသင့်ရ ထိုက်သော လစာရိက္ခာကိုလည်း ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အတွက် အထူးရဲတပ်ဖွဲ့ဝင်များ၏ သက်တမ်းမှာ စတင်ခန့်အပ်သည့် ရက်မှ ရွေးကောက်ပွဲ ကာလအတွင်းအထိသာဖြစ်ကြောင်း၊ အထူးရဲတာဝန်ထမ်းဆောင်ရန် ရွေးချယ် ခံရသူများ သည် မိမိတို့နေထိုင်သည့်ရပ်ကွက်/ကျေးရွာများရှိ မဲရုံများတွင် ဦးစားပေးတာဝန် ပေးထား မည်ဖြစ်ကြောင်း၊ အထူးရဲ၏လုပ်ငန်းတာဝန်များမှာ မဲရုံလုံခြုံရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း တို့ကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦးက ရှင်းလင်းပြောကြားခဲ့ပြီး ရဲအုပ်အောင်ကိုထွန်း၊ ဒုရဲအုပ်အောင်အောင်၊ ဒုရဲအုပ်လှိုင်မြင့်တို့က အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ နေ့အထိ သင်တန်းပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။
စည်သူလင်း ပြန်/ဆက်