ကွမ်းလုံ ဧပြီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Grant AID အကူအညီဖြင့် တည်ဆောက်လျှက်ရှိသော သံလွင်တံတား(ကွမ်းလုံ) တံတားဆက်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်က အဆိုပါတံတားပေါ်၌ကျင်းပပြုလုပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းမြင့်နှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချမ်းမြို့ ပြည်သူ့အစိုးရမှ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာ ယဉ်ဝင်ကျန်း နှင့် တာဝန်ရှိသူများ၊ Yunnan Sunny Road & Bridge Co, ltd.မှ ကုမ္မဏီဉက္ကဋ္ဌ ရွှင်ကျားကျိန်းနှင့် တာဝန်ရှိသူများ၊ ကွမ်းလုံမြို့တွင်နေထိုင်သည့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ ကြသည်။
အခမ်းအနားတွင် Yunnan Sunny Road & Bridge Co, ltd.မှ ကွမ်းလုံတံတားသစ်စီမံကိန်း ဆောက်လုပ်ရေးနည်းပညာအဖွဲ့ခေါင်းဆောင် မစ္စတာပင်ဟိုင်က တံတားသစ်တည်ဆောက်နေမှု အခြေ အနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ယူနန်ပြည်နယ် လင်ချမ်းမြို့ ပြည်သူ့အစိုးရ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာယဉ်ဝင်ကျန်းမှ တရုတ်-မြန်မာ နှစ်နိုင်ငံဟာ ရှောင်လွဲလို့မရတဲ့အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုနှင့် မြန်မာနိုင်ငံ ကွမ်းလုံတံတားတည်ဆောက်ခြင်း ပင်မတံတား ပေါင်းဆက်ချိတ်ဆက်ခြင်းအခမ်းအနားကို တက်ရောက်ခြင်းဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် အပြန်အလှန်ကူညီပံ့ပိုးရေးဖော်ပြတဲ့ ပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်ကို ယခုလို ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့်တကွ သက်သေပြုနိုင်သည့်အတွက် ကျွန်တော်များစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် နှစ်နိုင်ငံအတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ်ပိုင်းကာလ၌ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်စီးပွားကုန်သွယ်မှုတွင် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိပြီး တရုတ်-မြန်မာချင်းရွှေဟော်နယ်စပ်ဂိတ်သည် ရွှေလီ-မူဆယ်နယ်စပ်ဂိတ် ပြီးလျှင် တရုတ်-မြန်မာနှစ်နိုင်ငံအကြား ဒုတိယအကြီးဆုံးသောနယ်စပ်ဂိတ်ဖြစ်ကြောင်း၊ ယခုတံတားသစ်ကို ၂၀၂၃ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
ယင်းနောက် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းမြင့်က ဆောက်လုပ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံတစ်ဝှမ်း ပြည်ထောင်စုလမ်းမကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လမ်းမကြီးများ၊ ခရိုင်ချင်းဆက်၊ မြို့နယ်ချင်းဆက်လမ်းများပေါ်ရှိ တံတားကြီး/ငယ်များကို တည်ဆောက်ပေးခြင်း၊ ပြုပြင်ပေးခြင်း၊ ထိန်းသိမ်းပေးခြင်း၊ အဆင့်မြင့် တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်ပြီး ကုန်စည်ကူးသန်းသွားလာလျှက်ရှိသည့် နိုင်ငံတကာကုန်သွယ်ရေးလမ်းမကြီးများကိုလည်း ချိတ်ဆက်ပေးလျက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးလမ်းမကြီးများကိုလည်း ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုလက်ရှိ အသုံးပြုနေသည့် ကွမ်းလုံကြိုးတံတားသည် လွန်ခဲ့သည့်နှစ်ပေါင်းငါးဆယ်ခန့်ကတည်းက တည်ဆောက်ခဲ့ရာ ယခုအခါတွင် (၂၅)တန်အောက်ယာဉ်များသာ ဖြတ်သန်းခွင့်ပြုထားသဖြင့် ကုန်စည်စီးဆင်းမှုများ နှောက်နှေးကြန့်ကြာလျှက်ရှိကြောင်း၊ သို့ဖြစ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ Grant AID အကူအညီဖြင့် ကွမ်းလုံတံတားသစ်တည်ဆောက်ပေးရန် နှစ်နိုင်ငံအစိုးရများအကြား သဘော တူညီချက်များရယူပြီးဆောင်ရွက်ခဲ့ရာ မကြာမီကာလတွင် တံတားသစ်ကို အများပြည်သူ အသုံးပြုသွားလာနိုင်ရေး ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း၊ သမိုင်းစဉ်လာတစ်လျှောက် မြန်မာနိုင်ငံအား အိမ်နီးချင်းကောင်းပီသစွာဖြင့် အစဉ်အမြဲ လက်တွဲဆောင်ရွက်ကူညီပေးလျှက်ရှိသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ကို မိမိတို့နိုင်ငံကိုယ်စား ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အလေး အနက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများအား Yunnan Sunny Road & Bridge Co, ltd.မှ ကုမ္မဏီဉက္ကဋ္ဌ ရွှင်ကျားကျိန်းနှင့် တာဝန်ရှိသူများက တံတားတည်ဆောက်နေမှုအခြေ အနေများကို လိုက်လံပြသခဲ့ပြီး အမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ အဆိုပါ ကွမ်းလုံတံတားသစ် တည်ဆောက်ရေးစီမံကိန်းသည် ၄.၅၉ ကီလိုမီတာ အရှည်ရှိကာ ၂၀၂၀ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၃ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)