ပြင်ဦးလွင်မြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနား ကျင်းပရန် အစမ်းလေ့ကျင့်ဆောင်ရွက်နေမှုနှင့် လမ်းလျှောက်သင်္ကြန်  ပြင်ဆင်ဆောင်ရွက်ထားမှုများ ကြည့်ရှုစစ်ဆေး

ပြင်ဦးလွင် ဧပြီ ၁၃

၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ပြင်ဦးလွင်မြို့ရှိ ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်ကြသူပြည်သူများ ပိုမိုပျော်ရွှင်စွာ ဆင်နွှဲနိုင်စေရန်အတွက် ပြင်ဦးလွင် လမ်းလျှောက်သင်္ကြန်ကို အမျိုးသားကန်တော်ကြီးဥယျာဉ်လမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်အနီးမှစတင် သတ်မှတ်ထားရှိပြီး သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီ ၁၃ ရက်တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပကာ စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်သွားမည်ဖြစ်သည်။ 

ပြင်ဦးလွင်မြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြင်ဦးလွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပရန် အစမ်းလေ့ကျင့်ဆောင်ရွက်နေမှုနှင့် မဏ္ဍများအလိုက် ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ 

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းသည် ဖွင့်ပွဲအခမ်းအနားတွင် ဗဟိုမဏ္ဍပ်အား စနစ်တကျ ဖဲကြိုးဖြတ်ဖွင့်လှစ်နိုင်ရန်နှင့် မန်းတောင်ရိပ်ခိုသီချင်း၊ ထာဝရမြန်မာသီချင်းတို့ဖြင့် သံပြိုင်ညီညာ ကပြဖျော်ဖြေ၍ အစမ်းလေ့ကျင့် ဇာတ်တိုက်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ 

ထို့နောက်  ရေကစားမဏ္ဍပ်များ၌ ဝန်ထမ်းများနှင့် ပြည်သူများ စိတ်ပျော်ရွှင်ချမ်းမြေ့စွာ ရေပက်ကစားနိုင်ရန်နှင့် စတုဒိသာကျွေးမွေးနိုင်ရန် စနစ်တကျပြင်ဆင်ဆောင်ရွက် ထားမှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် လုံခြုံရေး ကျိုးပေါက်မှု မရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြူလူသစ် [ခရိုင်(ပြန်/ဆက်)]