ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည့် အစီအစဉ်များအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား  ဧပြီ ၁၃

၁၃၈၄ ခုနှစ် မြန်မာရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့၌ ခမ်းခမ်းနားနားဖြင့် ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်စီမံဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့၌ လမ်းလျှောက်သင်္ကြန်၊ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့သို့ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်း၊ အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ တည်ဆောက်ထားသည့် ဗဟိုမဏ္ဍပ်တည်ဆောက်ပြီးစီးမှု၊ အပြီးသတ် အလှဆင်ဆောင်ရွက်နေမှု၊ ဧည့်ပရိတ်သတ်များအား ဧည့်ခံနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဗဟိုမဏ္ဍပ်၌ ရေရရှိရေးအတွက် ဂါလံ ၁၂၀၀၀ ဆံ့ယာယီရေလောင်ကန် (၃)ကန် တည်ဆောက်ပြီး ရေပိုက်များသွယ်တန်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ဆွမ်ပရာလမ်းမတစ်လျှောက် ပြည်ထောင်စုလမ်းဆုံမီးပွိုင့်မှ ဆမားလမ်းဆုံ ကျောက်စိမ်းတုံးမီးပွိုင့်အထိ ပေ ၇၀၀ အတွင်း လမ်းလျှောက်သင်္ကြန်အတွက် ပုသိမ်ထီးများ အလှ ဆင်ဆောင်ရွက်ထားရှိမှု၊ ရေပိုက်များသွယ်တန်းထားရှိမှု၊ လောင်းလှေကြီးများ၊ နံ့သာမဏ္ဍပ်နှင့် စတုဒီသာမဏ္ဍပ်များ ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆမားလမ်းမတစ်လျှောက် ဒေသခံစီးပွားရေးလုပ်ငန်းရှင် အစုအဖွဲ့များ၏ ရေကစားမဏ္ဍပ် (၆)ခု တည်ဆောက်ပြီးစီးမှုနှင့် အလှဆင်ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေကစားမဏ္ဍပ်များ ရေပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ပြည်သူများ ပျော်ရွှင်စွာရေကစားနိုင်ရေးနှင့် စတုဒီသာဧည့်ခံကျွေးမွေးနိုင်ရေး၊ လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားပြည်သူ့ဆေးရုံ သွေးလှူဘဏ်ဌာန၌ မဟာသင်္ကြန်နှစ်သစ်ကူးအကြို စေတနာ့သွေးသန့်သွေးလှူရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် စေတနာ့သွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးဒေါက်တာတင့်နိုင်၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ စေတနာ့သွေး အလှူရှင်များ စုပေါင်းသွေးလှူဒါန်းနေမှုကို အားပေးကြည့်ရှုခဲ့ကြပြီးဂုဏ်ပြုချီးမြှင့်ငွေများကိုထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့သည် ပြည်နယ်တရားလွှတ်တော် တရားသူ ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အသင်းမှ တာဝန်ရှိသူများနှင့်အတူ မွန်းလွဲ (၃)နာရီတွင် မြစ်ကြီးနားမြို့ သမိဒ္ဓေါဒယသီလရှင် ကျောင်းတိုက်၌ သီလရှင်ဝတ်ပွဲနှင့် ယဉ်ကျေးလိမ္မာဖွင့်ပွဲသို့ တက်ရောက်ပြီး ကျောင်းဝင်းအတွင်း၌ ဒေသခံပြည်သူများနှင့်အတူ ပင့်သံဃာတော်များ၊ သီလရှင်ဆရာကြီးများနှင့် သီလရှင်များအား ဆွမ်း ဆန်စိမ်း၊ ဆေးဝါးများ၊ လှူဖွယ်ပစ္စည်းများကို လောင်းလှူပူဇော်ခဲ့ကြသည်။

အလားတူ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မဟာသင်္ကြန်ပွဲတော်ကာလနှင့်နှစ်သစ်ကူး ကာလအတွင်း ကုသိုလ်ကောင်းမှုပြုခြင်း အခမ်းအနားများကို ကျင်းပပြုလုပ်လျက်ရှိရာ နံနက် ၈ နာရီက ဝိုင်းမော်မြို့နယ် ရွှေမိုးတောင်သာသနာ့ရိပ်သာ၌ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများအတွက် ပြည်နယ်အစိုးရအဖွဲ့၏ စီမံပံ့ပိုးမှုဖြင့် ကျင်းပသည့် ပထမအကြိမ် မဟာသင်္ကြန်ကာလ မဟာစည် အထူးတရားစခန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး မဟာစည်ဝန်ဆောင်ဆရာတော် သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တဣသာရဆရာတော်မှ တရားစခန်းဝင်ပုဂ္ဂိုလ်များအား အလုပ်ပေးတရားများ ဟောကြားပြသပေးခဲ့ကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးမှ သာသာနာရေးဆိုင်ရာများနှင့် အထူးတရားစခန်းဖွင့်လှစ်ရသည့် ကိစ္စရပ်များကို လျှောက်ထားတင်ပြခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်