မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဗဟိုရေကစားမဏ္ဍပ်တွင် ဖျော်ဖြေရေးအစီအစဥ် စုံလင်စွာဖြင့် ကျင်းပသွားရန် စီစဥ်ဆောင်ရွက်လျက်ရှိ

မင်္ဂလာတောင်ညွန့် ဧပြီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယခုနှစ်မဟာ သင်္ကြန်ကာလ၌ လမ်းလျှောက်သင်္ကြန်ကိုပါ ထည့်သွင်းဆောင်ရွက်မည်ဖြစ်ပြီး ဗဟိုရေကစား မဏ္ဍပ်တွင် ဖျော်ဖြေရေးအစီအစဥ် စုံလင်စွာဖြင့် ကျင်းပသွားရန် စီစဥ်ဆောင် ရွက်လျက် ရှိကြောင်း သိရှိရသည်။

ဖျော်ဖြေရေးအစီအစဥ်များအဖြစ် ဗိုလ်တထောင်ခရိုင်အတွင်းရှိ သင်္ကြန်လှပျိုဖြူများ၏ ယိမ်း အကများ၊ Dancer အကများ၊ DJ သီချင်းတီးခတ်မှုများ၊ သီချင်းသီဆိုဖျော်ဖြေမှုများ ပါဝင်မည် ဖြစ်ကြောင်း ကနဦးအစီအစဥ်များအရ သိရှိရသည်။

ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်ရေကစား မည့် မဏ္ဍပ်များဆောက်လုပ်မှုမှာလည်း ယခုလ ၁၂ ရက်နေ့တွင် ရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်းနှင့် မဟာသင်္ကြန်ရက်များအတွင်း ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ စုပေါင်းလှူဒါန်းမှုဖြင့် နေ့စဥ် စတုဒီသာများ ကျွေးမွေးရန်လည်းစီစဥ်ထားရှိကြောင်း သိရှိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဗဟိုရေကစားမဏ္ဍပ်မှာ အထက်ပန်းဆိုးတန်းလမ်းပေါ်ရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရှေ့တွင်ဆောက်လုပ်ထားပြီးမြန်မာ့ဂုဏ်ရည်လမ်းထပ်မှ ဒေါ်သိမ်းတင်လမ်းထပ်အထိကို လမ်းလျှောက် ရေကစားနိုင်မည့်မဏ္ဍပ် ၂ ခုအား ဗဟိုမဏ္ဍပ်၏ ဝဲ၊ ယာ နှစ်ဘက်တွင်ကပ်၍ ဆောက် လုပ်ထားရှိကြောင်းနှင့် မဟာသင်္ကြန်ရက်များတွင် ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာရေကစား အပန်းဖြေနိုင်စေရေးအတွက် မဏ္ဍပ်တည် ဆောက်ရေးလုပ်ငန်းခွင်အတွင်း ရေလုံလောက်စွာရရှိမှု၊ ရေပက်ဖြန်းသည့်ပစ္စည်းများကြံ့ခိုင်မှု၊ လျှပ်စစ်မီးပြတ်တောက်မှုမဖြစ်စေရေး၊ အခြားသောလုပ်ငန်းများကို မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက တာဝန်အသီးသီးခွဲဝေကာ ဝိုင်း ဝန်းပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်းလည်း သိရှိရသည်။

မိုးမင်းမောင်(မင်္ဂလာတောင်ညွန့်)