နေပြည်တော် ဧပြီ ၁၂
၂၀၂၃ ခုနှစ် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ကာလအတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်ကို ပါဝင်ဆင်နွှဲနိုင်ရန်အတွက်ရည်ရွယ်၍ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်၊ ရေကစားမဏ္ဍပ်အပါအဝင် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို ခမ်းခမ်းနားနား ခေတ်နှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်နေမှုကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရေပန်းဥယျာဉ်အတွင်း ပြည်သူများ စိတ်အေးချမ်းသာပျော်ရွှင်စွာ အပန်းဖြေနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ နေပြည်တော်လမ်းလျှောက်သင်္ကြန်အတွင်း ဝန်ကြီးဌာနမဏ္ဍပ်များ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ၊ ပျဉ်းမနားမြို့နယ် PNPT Sport Farm အတွင်း ပြည်သူများပျော်ရွှင်စွာ ရေကစားနေမှုနှင့် နေပြည်တော်ဘူတာကြီးအတွင်းရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရေကစား မဏ္ဍပ် ကြိုတင်ပြင်ဆင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် ဝန်ကြီးဌာနအလိုက် မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်များ၊ တိုင်းရင်းသားရိုးရာသင်္ကြန်မဏ္ဍပ်များတွင် နိုင်ငံကျော်သရုပ်ဆောင်များ၊ အဆိုတော်များ၏ တေးသီချင်းဖျော်ဖြေမှုများနှင့်ဝန်ကြီးဌာနများမှ ယိမ်းအကအဖွဲ့များဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုခံစားပြီး ပျော်ရွှင်စွာရေကစားနိုင်သည့်အပြင် လူငယ် Game သင်္ကြန်၊ သနပ်ခါးသင်္ကြန်စသည်ဖြင့် ကလေး၊ လူငယ်၊ လူကြီးများအားလုံး ပျော်ရွှင်စေရန် ကဏ္ဍများစွာပါဝင်ပြီး စတုဒိသာမဏ္ဍပ်များဖြင့် ကျွေးမွေးဧည့်ခံကာ စည်ကားသိုက်မြိုက်စွာကျင်ပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို (ပြန်/ဆက်)