ကျောက်ဖြူမြို့၌ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကို ကြိုဆိုသောအားဖြင့် သံလွင်ချောင်းဖြတ် “မေတ္တာပေါင်းကူး” တံတားဖွင့်လှစ်

ကျောက်ဖြူ   ဧပြီ  ၁၂

၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကို ကြိုဆိုသောအားဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာ၊ နတ်ကျောက်ဘေး သံလွင်ချောင်းပေါ်ရှိ မေတ္တာပေါင်းကူး(Valentine Bridge) တံတားကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ရာတွင် ပြည်တော်စည်ကုမ္ပဏီမှ တာဝန်ရှိသူများက တံတား အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမွေးနံ့သာရေများဖြင့် ပက်ဖြန်းခဲ့ကြသည်။  

“ပြည်သူများ သင်္ကြန်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ  ဘုရားဖူးများနှင့် သင်္ကြန်ရေကစားသူများ လာရောက်လည်ပတ်အနားယူနိုင်စေရန်၊ ကျောက်ဖြူမြို့၏ သမိုင်းဝင် ကျောက်တစ်လုံး ဘုရား ဖူးပြီးနောက် နတ်ကျောက်အနီး ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ အရိပ်ရ အပင်များနှင့် အုန်းပင်များအောက်တွင် မိသားစုများ လာရောက်အနားယူနိုင်စေရန် ရည်ရွယ်ကာ မေတ္တာပေါင်းကူးတံတားကို တည် ဆောက်ပေးထားရခြင်းဖြစ်ကြောင်း” ပြည်တော်စည်ကုမ္ပဏီမှ MD ဦးထွန်းသောင်းထံက ပြောကြားသည်။

အဆိုပါ မေတ္တာပေါင်းကူးတံတားသည် အလျား ၁၁၀ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၁၅ ပေရှိသော သံကူ၊ ကွန်ကရစ်၊ သစ်သားတံတားတစ်စင်းဖြစ်ပြီး ပြည်တော်သာအုန်းခြံ၏ ဧက ၃၀ အတွင်းတည်ရှိသော တံတား တစ်စင်းဖြစ်ကြောင်း သိရသည်။

ဖြိုးဝေလင်း