သာယာဝတီ အောက်တိုဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင် အမည် စာရင်းများကို ယမန်နေ့ နံနက်မှ စတင်၍ မြို့နယ်အလိုက် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများရုံးများတွင် အများပြည်သူ ကြည့်ရှုနိုင်ရန် အသိပေးကြေညာထားလျက် ရှိကြောင်း သိရသည်။
ဆန္ဒမဲပေးခွင့်ရှိသူများ ပါဝင်သည့် အမည်စာရင်းများကို အများပြည်သူကြည့်ရှုနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ အုပ်ချုပ်ရေးမှူးများရုံးများတွင် အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၁၄ ရက်နေ့အထိ အသိပေးကြေညာထားရှိပြီး ဖြစ်ကြောင်းနှင့် သာယာဝတီခရိုင်အတွင်း ရပ်ကွက်(၇၄)ရပ်ကွက်ကျေးရွာအုပ်စု (၃၉၆) အုပ်စု၌ မဲရုံပေါင်း(၄၉၂)ရုံဖွင့်လှစ် သွားမည်ဖြစ်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၈၅၀၃၈၃)ဦး ရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
သန့်ဇော်(သာယာဝတီ)