ကျောက်ဆည် ဧပြီ ၁၂
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ထားဝယ်ကျေးရွာတွင် နေထိုင်ကြသော ပြည်သူများ အနေဖြင့် ဇွန်ပန်းများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ဇွန်ပန်းများ ခူးဆွတ် ရောင်းချနေရသောကြောင့် ဇွန်ပန်းစိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသဖြင့် မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဇွန်ပန်းစိုက်ပျိုးရောင်းချခြင်းများနှင့် ပတ်သတ်၍ ဇွန်ပန်းပင်(၃၀၀) စိုက်ပျိုးထားရာ ယခုအခါ ပန်းရုံတွေမှ ပန်းများပွင့်နေသဖြင့် ခူးဆွတ်ရောင်းချနေရကြောင်း ခူးဆွတ်ရာတွင် ပန်းမပွင့်မီ အငုံကာလ၌ ခူးဆွတ်ရကြောင်း တစ်ရက်လျင် ဇွန်ပန်းရုံတစ်ရုံမှ ဇွန်ပန်းအငုံ နို့ဆီဗူး(၁)ဗူး နီးပါး ခူးဆွတ်နေရကြောင်း ရောင်းချရာတွင် ပန်းအငုံ(၆၀)ငုံပါ ပန်းတစ်ကုံးအား ငွေကျပ်(၅၀)ဖြင့် ရောင်းချရကြောင်း တစ်ရက်လျင် ပန်းအကုံး (၃၆၀၀)ခန့် ရရှိပြီး လှည့်လည်ရောင်းချရန်မလိုဘဲ ပန်းအဝယ်ဒိုင်များက နေအိမ်တွင်လာရောက် ဝယ်ယူသဖြင့် အဆင်ပြေလျက်ရှိကြောင်း ဇွန်ပန်း စိုက်ပျိုးရောင်းချသည့် မဝေဇင်မိုး၏ ပြောပြ၍ သိရှိရသည်။
ထားဝယ်ကျေးရွာတွင် အိမ်ထောင်စု(၁၈၅)စု နေထိုင်လျှက်ရှိပြီး အိမ်ထောင်စုတိုင်း အပိုဝင်ငွေ ရရှိရေးအတွက် ဇွန်ပန်းပင်များအား နေအိမ်ဝိုင်းမြေကွက်လပ်များတွင် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားရှိပြီး ယာမြေများတွင်လည်း စီးပွားဖြစ် စိုက်ပျိုးထားကြောင်း သိရသည်။
သက်မောင်(ပြန်/ဆက်)