သန်လျင် အောက်တိုဘာ ၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ၏ အမည်စာရင်းကို အောက်တိုဘာ ၁ ရက်မှစ၍ သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကြေငြာကပ်ထားသည်ကိုတွေ့ရသည်။
သန်လျင်မြို့နယ် အုပ်ဖိုစုရပ်ကွက်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ကျော်က ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်မဲရုံ ၆ ရုံဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၄၄၄ ရှိကြောင်း၊ပြည်သူများလွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေးအတွက် အထက(၁)သန်လျင်၌ မဲရုံ ၆ ရုံပြင်ဆင်သွားမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ခရိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ၏ ရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့် အညီ တိကျစွာ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။
သန်လျင်မြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအသီးသီးရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် ကပ်ထားသော မဲစာရင်းများအား ပြည်သူများကြည့်ရှုလျက်ရှိကြောင်း တွေ့ရှိရ သည်။
သန်းဝင်း(သန်လျင်)