မိုင်းဆတ် ဧပြီ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် ၂၀၂၃ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား မိုင်းဆတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့သစ်ရပ်ကွက်တွင် ဗဟိုမဏ္ဍပ်တည်ဆောက်ပြီး လမ်းလျှောက်သင်္ကြန်အပါအဝင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဌာနဆိုင်ရာများစုပေါင်း၍ ဗဟိုမဏ္ဍပ်၌ စတုဒီသာတို့ကိုနေ့စဉ် ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ပြီး သင်္ကြန်အကြိုနေ့ ဧပြီလ(၁၃)ရက်နေ့ ညနေပိုင်းတွင် မြို့သစ်ရပ်ကွက်ရှိဗဟိုမဏ္ဍပ်၌ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တပ်ရင်းတပ်ဖွဲ့များ၊ ပညာရေးဌာနနှင့် မြို့ပေါ်ရပ်ကွက်တို့မှ ယိမ်းအဖွဲ့များက သင်္ကြန်ယိမ်း အကများဖြင့် သင်္ကြန်အကြို၊ အကျ၊ အကြတ်၊ အတက်နေ့များတွင် ကပြဖျော်ဖြေခြင်းနှင့် လမ်းလျှောက်သင်္ကြန်ထည့်သွင်း၍ ရေပက်ကစားခြင်းများပြုလုပ် သွားမည်ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ဧပြီလ(၁၆)ရက် သင်္ကြန်အတက်နေ့တွင် ပိတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့၊ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၇ရက်နေ့တွင် သက်ကြီးဘိုးဘွားများအား ကန်တော့ပွဲနှင့် ငါးလွှတ်ပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး ကော်မတီထံမှသိရသည်။
မြင့်မောင်(ပြန်/ဆက်)