“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်၌ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်စတင် ကျင်းပ

ဟိုပန် ဧပြီ ၁၁

မြန်မာသက္ကရာဇ်  ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးအခါသမယတွင် ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် အပန်းဖြေပျော်ရွှင်ကြစေရန်အတွက် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုကွင်းအတွင်းရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ(၁၀)ရက်နေ့မှစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဟိုပန်မြို့၊ မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကာလတွင် ယနေ့ညမှစ၍ တေးဂီတအစီအစဥ်များ၊ DJ ဖျော်ဖြေမှုများနှင့် နိုင်ငံကျော်အနုပညာရှင် အဆိုတော်များက ခေတ်ပေါ်တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်လျက်ရှိပြီး ဧပြီလ(၁၃)ရက်နေ့ သင်္ကြန်အကြိုနေ့မှ ဧပြီလ(၁၆)ရက်နေ့ သင်္ကြန်အတက်နေ့အထိတွင်လည်း သင်္ကြန်ချစ်ပြည်သူများ ပျော်ရွှင်စွာ ရေပက်ကစားနိုင်ရေး ရေကစားမဏ္ဍပ်များစီစဉ်ထားရှိကာ စတုဒီသာအလှူဒါနများ ကျွေးမွေးမည့်အစီအစဉ်များနှင့် ဟိုပန်မြို့နယ်ရှိဌာနဆိုင်ရာ၊ တပ်ရင်း/တပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာများမှ သင်္ကြန်ယိမ်းအကအဖွဲ့(၁၈)ဖွဲ့နှင့် တိုင်းရင်းသားရိုးရာယဥ်ကျေးမှုအကအဖွဲ့(၆)ဖွဲ့များက မနက်ပိုင်း၊ ညပိုင်းအစီအစဉ်များဖြင့် ကပြဖျော်ဖြေတင်ဆက်ပေးသွားမည်ဖြစ်သည်။

အဆိုပါ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို ယနေ့မှစတင်၍ ဧပြီလ(၁၆)ရက်၊ သင်္ကြန်အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)