တွံတေးမြို့နယ်၌ ရှေးဦးပြုစုခြင်းအကျိုးကျေးဇူးအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ပြုလုပ်

တွံတေး ဧပြီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်းကျင်းပသည့် ရှေးဦးပြုစုခြင်း အကျိုးကျေးဇူးအကြောင်းသိကောင်းစရာ Talk Show ကို လုထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ခင်မောင်ဝင်းတို့က ထိခိုက်ဒဏ်ရာအမျိုးမျိုးနှင့် ရှေးဦးသူနာပြုစုနည်းများ၊ မြွေကိုက်လူနာ ​ရှေးဦးသူနာပြုစုနည်းများကို သင်ခန်းစာမှတ်စုတိုများဖြင့် အကျယ်တဝင့် ဆွေးနွေးပေးခြင်း၊   လူနာကိုင်တွယ်ရာတွင် သတိပြုလိုက်နာရမည့်အချက်များ၊ သက်ကြီးရွယ်အိုများနှင့် အခြားလူနာများအား အိပ်ယာခင်းလဲပုံ၊ သယ်ယူပုံ၊ အသက်ရှုလမ်းကြောင်းဖွင့်ရာတွင် အသက်ရှုအားကူနည်း၊ နှလုံးဖိနှိပ်နှိုးဆွနည်းများကို ကလေးငယ်များတွင် ပြုစုနည်းနှင့် လူကြီးများတွင် ပြုစုနည်း၊ အရေးပေါ် ယာဥ်မတော်တဆမှုများအတွက်  အသက်ကယ်ပြုစုနည်းများကို ပြည်သူများသိရှိစေရန်အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်‌လျက်ရှိကြောင်း သိရသည်။

တွံတေးသား