မိုင်းယောင်းမြို့တွင် မီးခိုးမြူငွေ့လျော့ပါးစေရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းယောင်း  ဧပြီ  ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မီးခိုးမြူငွေ့လျော့ပါးစေရေး၊ တောင်ယာမီးရှို့မှုမရှိစေရေး အသိပညာပေးဟောပြောပွဲနှင့် ဒေသန္တရအမိန့်ထုတ်ပြန်ထားမှုများအား အသိပေးချပြရှင်းလင်းခြင်းကို ယမန်နေ့ကပါဟုတ်အုပ်စု၊ ပါဟုတ်ကျေးရွာ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ‌မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူးဇော်မင်းဆွေက အသိပညာပေးဟောပြောပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုလှိုင်နှင့် မီးသတ်ဦးစီးဌာန၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်၊ မီးခိုးမြူငွေ့ကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာပုံ၊ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်စေသည့် နောက်ဆက်တွဲဆိုးကျိုးများ၊ ပတ်ဝန်းကျင် ကောင်းကင်ယံ၌ မီးခိုးမြူငွေ့များ ဖုံးလွှမ်းနေသည့်အခြေအနေမျိုး ကြုံတွေ့ရသည့်အခါ ဆောင်ရွက်ရမည့် နည်းလမ်းများအကြောင်းကို ဟောပြောခဲ့ကြသည်။

ထို့နောက် ရေဝေ/ရေလွှဲဒေသများ၊ သဘာဝအပင်များအား ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် တောမီးရှို့ခြင်း၊ သဘာဝအပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း မူလအနေအထားများအား ပျက်စီးစေခြင်းများမပြုလုပ်ရန် ဒေသန္တရအမိန့်ထုတ်ပြန်ထားမှုများအား အသိပေးချပြရှင်းလင်းခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း