သင်္ကြန်တွင်းရုံးပိတ်ရက်ကာလ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလေ့လာရေးလာရောက်သူများပြား

ညောင်ဦး ဧပြီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးခရီးသွားပြည်သူများ မဟာသင်္ကြန်ရုံးပိတ်ရက်ကာလ ဘုရားဖူးလာရောက်သူများပြားလျက်ရှိကြောင်း ရွှေစည်းခုံဘုရားကြီးဂေါပကအဖွဲ့ထံက သိရသည်။

သင်္ကြန်ရုံးပိတ်ရက်ရှည်အကြိုရက်များတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးပြည်သူများလာရောက်လည်ပတ်ဖူးမြှော်မှုများပြားလျက်ရှိကာ သမိုင်းအထင်ကရဘုရားများနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဘုရားဖူးလာရောက်သည့်ကားများ အလွန်များပြားလျက်ရှိကာ ညောင်ဦးမြို့နယ်ဘက်ခြမ်းရှိ မဟာငှက်ပစ်တောင်ဘုရား၊ ရွှေစည်းခုံဘုရား၊ ကျောက်ဂူဥမင်ဘုရား၊ ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရား၊ မဟာဗောဓိဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ အလိုတော်ပြည့်ဘုရား၊ သဗ္ဗညုဘုရား၊ ရွှေဆံတော်ဘုရား၊ မြစေတီဘုရား၊ မနုဟာဘုရား၊ ဗူးဘုရား၊ တုရင်တောင်စွယ်တော်မြတ်စေတီ၊ ပြဿဒ်ကြီးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ပုဂံမြို့သစ်ဘက်ရှိ ဓမ္မရာဇကဘုရား၊ လောကနန္ဒာစွယ်တော်မြတ်စေတီတို့တွင် ဘုရားဖူးလာရောက်သူများပြားလျက်ရှိပြီး ပုဂံရှေးဟောင်းနယ်မြေရှိ ဗိသုကာလက်ရာထူးခြားသည့်ဘုရားများ၊ နံရံဆေးရေးပန်းချီရှိသည့် ဘုရားများ၊ ပါဠိစာ၊ မွန်စာ၊ မင်စာ၊ ကျောက်စာရှိသည့်ဘုရားများသို့လည်း မြန်မာပြည်အရပ်ရပ်မှလူငယ်လူရွယ်များ၊ အုပ်စုလိုက်ဖြင့် အီးဗိုက်များ၊ အငှားများ၊ မြင်းလှည်းများငှားကာ စိမ်းညက်အမဘုရား၊ အရှေ့ဖက်လိပ်အနောက်ဖက်လိပ်ဘုရား၊ ဂူပြောက်ကြီး၊ ဂူပြောက်ငယ်၊ နန်းဦးဘုရား၊ လောကထိပ်ပန်ဘုရား၊ လောကဥသျှောင်ဘုရား၊  ဝက်ကြီး အင်းဂူပြောက်ငယ်/ဂူပြောက်ကြီးဘုရား၊ ဥပါလိသိမ်ဘုရား၊ ရွှေလိပ်တူးဘုရား၊ သံပျင်စွာ ဘုရားနှင့်ဗူးလည်သီးဘုရားတို့တွင် ဘုရားဖူးလာရောက်သူများပြားလျှက်ရှိကြောင်း ပုဂံ-ညောင်ဦးဒေသတွင် ပြန်လည်ဖွင့်လှစ်သည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာတို့တွင်လည်း လာရောက်တည်ခိုခြင်း၊ Online မှကြိုတင်ချိတ်ဆက်မှာယူထားခြင်းများ ၉၈ ရာခိုင်နှုန်း ခန့်ရှိကြောင်းသိရကာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူ တစ်ရက်လျှင် ငါးသောင်းကျော်ခန့်လာရောက်ဖူးမြှော်လျက်ရှိ‌ကြောင်း သိရသည်။

ဒီပါလင်း