ချမ်းမြသာစည် ဧပြီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက် ၊ ၅၁×၅၂လမ်း ကြား ၊ ၁၀၅×၁၀၆ လမ်းကြားတွင် ယနေ့နံနက် ၅ နာရီအချိန်ခန့် က အကွက်(စစ-၉/၁၃-က)နေ မသန္တာခိုင်၏ နေအိမ်၌ ခြင်ဆေးခွေထွန်းရာမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ တိုင်းမီးသတ်ဦးစီးဌာနမှ ဒုညွှန်မှူး ဦးဌေးဝင်း ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမင်းမင်းစိုး တို့ဦးစီး၍ အုပ်ချုပ်မှုယာဉ် (၃)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ ရေသယ်ယာဉ် (၅)စီး၊ မီးသတ်တပ်ဖွဲ့ဝင် (၇၀)ဦး၊ ရပ်ကွက်နေ ပြည်သူများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ ၅ နာရီ ၃၀ မိနစ် အချိန်ခန့်တွင်မီးထိန်းနိုင်ခဲ့ပြီး ၅ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူနေအိမ် ၁၂ လုံး မီးလောင်ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်းသိရသည်။
မီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၃ စု ၊ လူဦးရေ ကျား ၃၉ ဦး ၊ မ ၄၅ ဦး ၊ ပေါင်း ၈၄ ဦးတို့အား ယာယီမီးဘေးသင့်ခိုလှုံရာ နေရာထားရှိနိုင်ရေး စီစဥ်ဆောင်ရွက် လျက်ရှိကြောင်း နှင့်မီးပေါ့ဆစွာသုံးစွဲသူအား တရားဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက် လျက်ရှိကြောင်းသတင်းရရှိပါသည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)