တာချီလိတ် ဧပြီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်ရှိ ရေချောင်းများတွင် သင်္ကြန်အကြိုကာလ ရုံးပိတ်ရက်များ၌ အပန်းဖြေအနားယူသူများ ရေကစားသူများဖြင့် အေးချမ်းပျော်ရွှင်စွာ စည်ကားလျက်ရှိကြောင်း သိရသည်။
ထိုသို့ အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေလျက်ရှိရာ ယနေ့တွင် တာချီလိတ်မြို့နယ်ရှိ ပုန်းထွန်ရေချောင်း၊ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်ရေချောင်း ၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုမှ မဲခေါင်မြစ်ကမ်းခြေတို့တွင် ဌာနဆိုင်ရာများ၊ ပြည်သူများလာရောက် စိတ်အေးချမ်းစွာအနားယူနေလျက်ရှိသည်။
ထို့အပြင် မဟာသင်္ကြန်ကာလတွင် တာချီလိတ်မြို့နယ်အနေဖြင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နှင့်ထိစပ်သဖြင့် ပြည်သူများချစ်ခင်ရင်းနှီးစွာ အပြန်အလှန် ရေသဘင်ပွဲပါဝင်ဆင်နွှဲခြင်း၊ အထင်ကရနေရာများသို့ သွားရောက်လည်ပတ်အနားယူခြင်း၊ တရားစခန်းများဝင်ရောက်ခြင်း၊ သက်ကြီးရွယ်အိုများ ပူဇော်ကန်တော့ခြင်း၊ ဇီဝိတငါးလွှတ်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းများကို နှစ်စဥ်ရိုးရာယဥ်ကျေးမှုအစဥ်အလာနှင့်အညီ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဝေဖြိုးလေး(တာချီလိတ်)