မအီမြို့တွင် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး မြို့ပေါ်လူငယ်များစုပေါင်း၍ မြို့မဗဟိုမဏ္ဍပ်တည်ဆောက်

မအီ   ဧပြီ  ၉

မအီမြို့တွင် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် မြို့မဗဟိုမဏ္ဍပ်တည်ဆောက်နေခြင်းကို မအီမြို့ပေါ်လူငယ်များစုပေါင်း၍ တည်ဆောက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ မြို့မဗဟိုမဏ္ဍပ် တည်ဆောက်ခြင်းကို အမှတ်(၂)ရပ်ကွက်၊ အထက်တန်းကျောင်းရှေ့အားကစားကွင်း၌ မြို့ပေါ်လူငယ်များစုပေါင်း ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဗဟိုမဏ္ဍပ်တွင် သီဆိုဖျော်ဖြေရန်အတွက် မအီမြို့ပေါ်လူငယ်များ ဝိုင်းဖွဲ့တီးခတ်သည့် "မဟီရာနဒီ" တီးဝိုင်းနှင့် အသံချဲ့စက်များကို ငှားရမ်းထားရှိပြီး သီချင်းများကိုကြိုတင် လေ့ကျင့်နေပြီဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ဖော်ပြပါဗဟိုမဏ္ဍပ် အောင်မြင်စွာရပ်တည်နိုင်ရေးအတွက် မအီမြို့ပေါ်ရှိ ဌာနဆိုင်ရာများမှ ကျပ်(၇)သိန်း(၆)သောင်းကျပ်ကို ထည့်ဝင်မတ်တည်ပေးပြီး ဗဟိုမဏ္ဍပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ကြသည့် မအီမြို့ပေါ်လူငယ်များနှင့် စေတနာရှင် အလှူရှင်များက ကျပ်သိန်း(၂၀)ခန့်ကို ထည့်ဝင်မတ်တည်ထားပြီးဖြစ်ပါကြောင်း၊ ယခုနှစ်တွင် မြန်မာ့ရိုးရာ နံ့သာသွေးပြိုင်ပွဲကို မြို့ပေါ်ရပ်ကွက် အသင်းများဖြင့် သင်္ကြန်အကြိုနေ့ မတိုင်မီ ဧပြီလ(၁၂)ရက်နေ့တွင် အဆိုပါ ဗဟိုမဏ္ဍာပ်၌ ယှဉ်ပြိုင်သွားမည်ဖြစ်ပါကြောင်း၊ မအီမြို့ ပေါ်ရပ်ကွက်များမှ စေတနာရှင်များကလည်း တစ်ဦးချင်းအလိုက် ပံ့ပိုးမှုများရှိကြပါကြောင်း၊ သင်္ကြန်ကာလအတွင်း ဖျော်ဖြေရေးကဏ္ဍပ်များအတွက် တစ်ခြားကုန်ကျစရိတ်လိုအပ်ချက်များ များစွာရှိပါ၍ ထောက်ပံ့မတ်တည်ပေးမည့်စေတနာရှင်များ လိုအပ်နေပါသေးကြောင်းတို့ကို အဆိုပါ မြို့မ ဗဟိုမဏ္ဍပ်ဖြစ်မြောက်ရေးကော်မတီမှ ကိုကျော်စွာထွန်းကပြောကြားခဲ့သည်။

မောင်မောင်ဌေး(ပြန်/ဆက်)