သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ငပလီမြို့ အောင်ဓမ္မရိပ်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝေဒကအား ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပ

သံတွဲ ဧပြီ ၉

သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက် အောင်ဓမ္မရိပ်သာကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဝေဒကအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံက် ၈ နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကြွရောက်တော်မူကြသည့် ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က အခမ်းအနားကို နမောတဿ ဗုဒ္ဓဝန္ဒန ဂါထာတော်ကို သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ရခိုင်ပြည်နယ်မင်းပြားမြို့ ပရိယတ္တိဓမ္မိကာရုံကျောင်းတိုက် ဦးစီးပဓာနနာယက၊ နိုင်င့တော်သံဃမဟာနယကအဖွဲ့ (တွဲဖက်အကျေိုးတော်ဆောင်) ဆရာတော် ဘဒ္ဒန္တဣန္ဒာရိယ ( အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ဦးမင်းသန်းထိုက်က အောင်ဓမ္မရိပ်သာကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဝေဒက၏ ထေရုပ္ပတ္တိအားဖတ်ကြားပူဇော်ခဲ့သည်။ ၎င်းနောက် မဟာဗောဓိစာသင်တိုက် ဦးစီးပဓာနနာယက( အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်)ဆရာတော်ဘဒ္ဒန္တ ကလျာဏ ဩဝါဒကထာမိန့်ကြားတော်မူပါသည်။

ဆက်လက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် အလှူရှင်များက  သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တဝေဒကအား ထပ်ဆင့်ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လှူဘွယ်ဝတ္ထုများကိုဆက်ကပ်လှူဒါန်းပြီး ပင့်ဖိတ်၍ ကြွရောက်တော်မူကြသည့် ဆရာတော်သံဃာတော်များအား လှူဘွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သုခဝတီပရိယတ္တိစာသင်တိုက်၊ သုခါဝါသဓမ္မရိပ်သာ၊ ဥက္ကလာသီရိကျောင်း (သုခဝတီ-ရန်ကုန်)တို့၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒိမာ(မဟာသဒ္ဒမ္မဇောတိကဓဇ)က လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးပေးဝေခဲ့သည်။ ထို့နောက် မြို့မမေတ္တာတေးသံအဖွဲ့က ဆရာတော်အား တေးထပ်၊ ရတုများရွက်ဆိုပူဇော်ခဲ့ကြပြီး ဗုဒ္ဓသရနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်