မိုးကောင်း ဧပြီ ၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကျွန်းတောရပ်ကွက် ထေရဝါဒသာသနာပြုစန္ဒာရာ မသီလရှင်စာသင်တိုက်ပဓါနနာယက ဒေါ်ယုစန္ဒာအား အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော် ဂုဏဝိသိဋ္ဌပူဇော်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့နေ့လယ်(၂)နာရီတွင် မိုးကောင်းမြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိုးကောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မိုးကောင်းမြို့နယ် ဝတ်ရွတ်အသင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်း အဖွဲ့များတက်ရောက်သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး မိုးကောင်းမြို့နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဓမ္မသာရထံ ငါးပါးသီလခံယူတည်ဆောက်ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သာသနာရေးဆိုင်ရာများလျှောက်ထားပြီး အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဒေါ်ယုစန္ဒာ၏ ထေရုပ္ပတ္တိကို တနိုင်းမြို့ သာသနာ့ဝံသီ သီလရှင်စာသင်တိုက်မှ သာသနဓဇဓမ္မာစရိယ သဒ္ဓမ္မဇောတိကဓဇ ဒေါ်ရူပနန္ဒီမှ ဖတ်ကြားလျှောက် ထားသည်။
ယင်းနောက် ရည်ညွှန်းပူဇော်အပ်သောဂုဏ်တော်ဘွဲ့သုံးချက်ညီ မင်္ဂလာပိုက်စုံရတုဖြင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) စောင်သင်းစုလွင်က မင်္ဂလာရွှေစောင်းတော်နှင့် တွဲဖက်၍ ကိုယ်တိုင်တီးခတ်သီဆိုပူဇော်၍ ပြင်ဦးလွင်သာသနမဉ္ဇရီသီလရှင်ကျောင်းတိုက်မှ ဆရာကြီး ဒေါ်ဇာနေဆီက ဂုဏဝေဒလ္လဂါထာဖြင့်ပူဇော်ပြီး ပင့်သံဃာတော်တို့အား လှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဒေါ်ယုစန္ဒာအား ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လွင်လွင်မော်က ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ချီးမြှင့်ပြီး အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်ကြသည်။
လှူဒါန်းမှုအစုစုတို့အတွက် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ရွှေတောင်ပါဠိတက္ကသိုလ် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တရေဝတထံ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်း အနားပြီးမြောက်ခဲ့ကြောင်းသိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)