မှော်ဘီ ဧပြီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ဂုဏဝိသိဋ္ဌပူဇာသဘင် ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်စု၊ သံတံတားရွာဦးပရိပတ္တိစာသင်တိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဌ အဘိဓဇအဂ္ဂမဟာသ ဒ္ဓမ္မဇောတိကဓဇ ကံမဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တကောဏ္ဍည ရန်ကြီးအောင်ဆရာတော်ထံမှ ဩဝါဒကထာနာယူခဲ့ပြီး တေသံရှင်များက ပိုဒ်ဆုံရတုနှင့် ရှစ်ဆယ်ဘော်တေးထပ်တို့ဖြင့် သီဆိုဂုဏ်ပြုဖျော်ဖြေကြသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ဆရာတော်ဦးသောဘိတထံသို့ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်နိုင်မှ ထပ်ဆင့်ဆက်ကပ်ခြင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက ဆက်ကပ်လှူဒါန်းသော ဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ဆရာတော်ဝါသေဋ္ဌထံသို့ မြို့မိမြို့ဖ ဦးလှဦးမှထပ်ဆင့်ဆက်ကပ်ခဲ့ပြီး နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာဓိကသွေးဆေးကန်ဆရာတော်က ရေစက်သွန်းချအနုမောဒနာတရား ချီးမြှင့်ကာ အခမ်းအနားကို ဗုဒ္ဓသာသနံစီရံတိဌတု သုံးကြိမ်ရွတ်ဆိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ(မှော်ဘီ)