သထုံ ဧပြီ ၉
မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သရေဆောင် လေးဆူဓာတ်စံရွှေသာရံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ စူဠာမုနိစေတီတော်၏ ထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူး တော်တင်လှူခြင်း၊ "ဒက္ခိဏဒီပံ"သာသနာငါးထောင်အလင်းဆောင် သာသနာ့ဗိမာန် တော်မြတ်ကြီးနှင့် သာသနိက အဆောက်အဦများ ဖွင့်လှစ်ရေစက်ချခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်က သာသနာ့ဗိမာန်တော်သစ်၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်ရင်ပြင်တော်ပေါ်ရှိ မှန်စီဝတ်အတွင်း၌စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှုပူဇော်၍ ဖူးမျှော်ကြည်ညိုကြပြီးနောက် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များက "ဒက္ခိဏဒီပံ" သာသနာငါးထောင်အလင်းဆောင် သာသနာ့ဗိမာန်တော်သစ်ကြီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး ဗိမာန်တော်သစ် ကမ္ဗည်းမော်ကွန်းနှင့် "ဒက္ခိဏဒီပံ" ဝိဇ္ဇာညီနောင် ဂဝံမုခ်ဦးကမ္ဗည်းမော်ကွန်းတို့အား အမွှေးနံ့သာရည်များပက်ဖြန်းခဲ့ကြသည်။
ဆက်လက်၍ ရေစက်ချမင်္ဂလာအခမ်းအနားကို ဗိမာန်တော်သစ်ကြီး၌ ပြုလုပ်ရာ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ဘီးလင်းမြို့ နယ်၊ ကျိုက်ထီးဆောင်း ဒုတိယဒီပဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ကမ္ဘာ့ငြိမ်းချမ်းရေးဂုဏ်ထူးဆောင်ပါရဂူ ဒေါက်တာဘဒ္ဒန္တနာဂဒီပ အရှင်သူမြတ်က ဝေနေယျသတ္တဝါအပေါင်းတို့အား ပင့်ဖိတ်ကာသထုံမြို့၊ သဒ္ဓမ္မဇောတိကာရာမ ကျောင် းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ဗဟိုသံဃ ဝန်ဆောင်၊ ပိဋကတ္တရပါရဂူဘဒ္ဒန္တသုမနာဘိ၀ံသထံမှ ဧည့်ပရိတ်သတ်များက သီလခံယူဆောက်တည်ခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များက ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့် တော်မူသော မေတ္တသုတ် အစရှိသည့် ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက၊ စူဠာမုနိစေတီတော်မြတ်တွင် တင်လှူပူဇော်မည့် ထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်များက ဩဝါဒကထာများ ချီးမြှင့်ပေးတော်မူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများကို တင်ပြလျှောက်ထားကာ အလှူရှင်များနှင့် ဧည့်ပရိသတ် အပေါင်းတို့က စူဠာမုနိစေတီတော်၏ ထီးတော်၊ ဌက်မြတ်နားတော်၊ စိန်ဖူးတော် တင်လှူခြင်း၊ "ဒက္ခိဏဒီပံ"သာသနာငါးထောင်အလင်းဆောင် သာသနာ့ဗိမာန်တော် ဆောက်လုပ်လှူဒါန်းခြင်း၊ "ဒက္ခိဏဒီပံ" ဝိဇ္ဇာညီနောင် ဂဝံမုဒ်ဦး မုဒ်၀နှင့် သုဗိန္ဒာနာ ဂရ(သထုံ)ဇေယျာဘုမ္မိ အောင်မြေ အစရှိသည့် လှူဒါန်းမှုအစုစုတို့အတွက် ကျိုက်ထီးဆောင်း ဒုတိယဒီပဆရာတော်ထံမှ အနုမောဒနာ တရားနာယူ ကြည်ညို၍ ရေစက် သွန်းချ အမျှပေးဝေခဲ့ကြသည်။
ယင်းနောက်ဆရာတော် သံဃာတော်များအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား မင်္ဂလာအချိန်၌ ပင့်ဆောင်ကာ စေတီတော်အထွဋ်သို့ တင်လှူ ပူဇော်ခဲ့ကြပြီး စေတီတော်နှင့် ရုပ်ပွားတော်မြတ်များအား ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ပေးခဲ့ ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)