ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်

ကျောက်ဖြူ ဧပြီ ၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နေ ဒေသခံပြည်သူများအား ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက မြို့မစည်ပင်သာယာ‌ဈေးကြီးနှင့် လူစည်ကားရာ မီးပွိုင့်လမ်းဆုံ နေရာများသို့ သွားရောက်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူမြို့နယ် အမှတ်(၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ခေတ္တတပ်ဖွဲ့စုမှူး ရဲအုပ်မျိုးသီဟ ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရေပက်ခံထွက်ကြမည့် ပြည်သူများ၊ ရေပက်ဆော့ကစားကြမည့် ကလေးသူငယ်များနှင့် ဉပုသ်သီလဆောက်တည်ရန်သွားကြမည့် ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် လူသွားလူလာများပြီး လူစည်ကားရာ နေရာများဖြစ်သည့် ကျောက်ဖြူမြို့မစည်ပင်သာယာဈေးကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံး မီးပွိုင့်လမ်းဆုံ၊ မြေစာရင်း မီးပွိုင့်လမ်းဆုံနှင့် အဝေးပြေးကားဂိတ် မီးပွိုင့်လမ်းဆုံနေရာများသို့ သွားရောက်၍ ၎င်းလမ်းတစ်လျောက် မောင်းနှင်လာသည့်   ဆိုင်ကယ်များအား မူလစက်ရုံထုတ်မဟုတ်ဘဲ ပါဝါအိတ်ဇောများ တပ်ဆင်မောင်းနှင်ခြင်းမပြုကြရန်၊ အရည်အသွေးမြင့်သော ဆိုင်ကယ်ဦးထုပ်များ စနစ်တကျဆောင်းပြီးမှ မောင်းနှင်ကြရန်၊ နှစ်ဦးထက်ပို၍ သယ်ဆောင်မောင်းနှင်ခြင်း မပြုကြရန် စသည့် ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးများ‌ ဟောပြောပြီး လိုက်နာခြင်းမရှိသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ကာ အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဝေငှပေးခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး (ပြန်/ဆက်)