မြစ်ကြီးနား ဧပြီ ၉
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်အတွင်းတာဝန်ထမ်းဆောင်လျှက်ရှိသောဌာနဆိုင်ရာအရာထမ်း/ အမှုထမ်းများအား မဟာ သင်္ကြန်ပွဲတော်ကာလနှင့် မြန်မာနှစ်သစ်ကူး အခါသမယ၌ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ စုပေါင်းဒုလ္လဘရဟန်းခံနှင့် သီလ ရှင်ဝတ်ပွဲ အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ကျောင်းထိုင် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သိမ်ဆင်းဒုလ္လဘရဟန်းများအား သိမ်ဆင်းလောင်းလှူပူဇော်ရာ မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက်ဆရာတော်၊ ပြည်နယ်သံဃနာယကအကျိုးတော်ဆောင် အဂ္ဂမဟာပဏိတဘဒ္ဒန္တ ကေတုမာလာအမှူးပြုသောဆရာတော်သံဃာတော်များ၊ သိမ်ဆင်းရဟန်းသံဃာများနှင့် သီလရှင်များအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဒုလ္လဘရဟန်းခံပုဂ္ဂိုလ်များ၏ မိသားစုဝင်များက လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ဆရာတော်/ သံဃာတော်များနှင့် ဒုလ္လဘရဟန်းများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပထမအကြိမ် စုပေါင်းဒုလ္လဘရဟန်းခံနှင့် သီလရှင် ဝတ်ပွဲ အလှူတော်မင်္ဂလာအခမ်းအနား တရားတော်နာယူပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး အခမ်းအနား တက်ရောက်လာသူများက ဆရာတော်သံဃာတော်များထံမှ ကိုးပါးသီလခံယူဆောက်တည်ကြကာ ပြည်နယ်လူမှု ရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြသည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ဇနီး၊ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ပရိတ်တရားတော်များ နာယူကြကာလှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)