ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း စနစ်တကျဆောင်ရွက်ရေး အစည်းအဝေးကျင်းပ

 

နောင်တရား         အောက်တိုဘာ            ၂

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့တွင်  မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါသည် ရှမ်းပြည်နယ် တောင်ပိုင်းသို့ ကူးစက်မှုရှိလာချိန်၌ နောင်တရားမြို့ရှိ ဒေသခံပြည်သူများသို့ ရောဂါကူးစက်မှုမရှိလာစေရေးအတွက် ရောဂါရှိသည့်မြို့မှ ဝင်ရောက် လာသည့် ပြည်သူ များအား အသွားအလာကန့်သတ်ထားရှိသည့်နေရာတွင် နေထိုင်စေရေးကို လည်းကောင်း၊  ပြည်သူ များ ဈေးဝယ်ယူရာတွင် လူစုလူဝေးမဖြစ်စေရန် တစ်အိမ်ထောင်လျှင် ဈေးဝယ်ကတ် တစ်ခုစီပေးပြီး လူ တစ်ဦးဖြင့်သာ ဈေးထဲဝင်ခွင့်ပြုစေရေးကိုလည်းကောင်း၊ ဈေးရောင်းသူများကိုလည်း နှာခေါင်းစည်း၊ မျက်နှာ ကာများတပ်ဆင်ပြီး Social distancing ဖြင့် ရောင်းချစေရေးကိုလည်းကောင်း၊ အခြားမြို့နယ် များမှ လာရောက် ရောင်းချသည့်ဈေးသည်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ (၂)ပတ်အတွင်း ထုတ်ပေး ထားသည့် ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း (Negative )ထောက်ခံချက်ပါရှိမှသာ ရောင်းချစေ ရေးကိုလည်းကောင်း   ဆွေးနွေး ဆုံးဖြတ်ခဲ့သည်။

အစည်းအဝေးသို့ မြို့အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဝင် များ၊ ဌာနဆိုင် ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြောင်း သိရ သည်။

မူမြစော