စစ်တွေ ဧပြီ ၈
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်နှင့် စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧပြီလ ၆ ရက်နေ့ ညနေပိုင်းက မင်းပြားမြို့၊ မြို့မဆိပ်ခံ တံတားချည်းကပ်လမ်း ဒီရေတိုက်စားမှုကြောင့် ပျက်စီးနေမှုအား ပြန်လည်ပြုပြင်နိုင်ရန် သွားရောက်ကြည့်ရှုစစ်ဆေးကြရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရခိုင်ပြည်နယ်၊ ဆိပ်ကမ်းအရာရှိချုပ်နှင့် ပြည်နယ်ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ဧပြီလ ၇ ရက်နေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းပြားမြို့၊ ရှေးဟောင်းသမိုင်းဝင် ကျိန်းတောင်ဇီဝှာဓာတ်တော် စေတီတော်မြတ်အား သွားရောက်ဖူးမြော်ကာ ပန်း၊ ဆီမီး၊ ရေချမ်းများ၊ ဆက်ကပ်လှူဒါန်းကြပြီး စေတီတော်ဓမ္မာရုံ၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော် ဆောင်ဆရာတော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်ကြီးများအား ဖူးမြော်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင်၊ မင်းပြားမြို့၊ ပရိယတ္တိဓမ္မိကာရုံကျောင်းတိုက်နာယက ဆရာတော်အဂ္ဂ မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဣန္ဒာစရိယထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းပြားမြို့၊ ရာမောင်ခန်းမ၌ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မင်းပြားမြို့နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လူမှုရေးဆိုင်ရာအချက်အလက်များကို ရှင်းလင်းတငပြပြီး မြို့မိ၊ မြို့ဖများနှင့် လုပ်ငန်းရှင်းများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကိုတင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် မင်းပြားမြို့သည် ယခင်နှစ်များထက်တိုးတက်ပြောင်းလဲလာသည် ကိုတွေ့ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏တည်ငြိမ် အေးချမ်းရေး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကဆောင်ရွက်နေကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား လုပ်ဆောင်နိုင်ရန်အတွက် ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးကို ယခင်ကထက်ပိုမိုပြီး ဦးစား ပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိ လာသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်နယ်အတွင်းတည်ငြိမ်အေးချမ်းမှုကို ပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံများပူးပေါင်းပါဝင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်မှ ပြီးပြည့်စုံသည့် လုံခြုံမှုစနစ်တစ်ခုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို တစ်ဘက်က ဆောင်ရွက်ယင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မင်းပြားမြို့နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးအားကောင်းသော မြို့နယ်တစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ယခင်ကထက် ပိုမိုအထွက်နှုန်းကောင်းမွန်နိုင်ရန်အတွက် မျိုးကောင်း၊ မျိုးသန့်များ ဖြန့်ဖြူးပေးပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက တောင်သူများကို စည်းရုံးကာ စိုက်ပျိုးကြရန်လိုကြောင်း၊ မြို့နယ်အတွင်း စံပြစိုက်ကွက်များ စိုက်ပျိုးပြသရမည်ဖြစ်ကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့လုပ်ကိုင်ကြရန်လိုကြောင်း၊ မြို့နယ်အတွင်းစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ထုတ်ကုန်တစ်ခုထုတ်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ထို့အတူ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများက ပူးပေါင်းပါဝင်လုပ်ကိုင်ကြ ရမည်ဖြစ် ကြောင်းနှင့် မင်းပြားမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့်ဒေသခံ ပြည်သူများအားလုံးက စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ကို ရိုးရာဝတ်စုံများနှင့် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး မင်းပြားမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း RCC နှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုနှင့်ပတ်သက်၍ တာဝန်ခံအင်ဂျင်နီယာက လိုက်လံရှင်းလင်းပြသသည်။ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးစေတနာထား ဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်သို့ သွားရောက်ပြီး ပေါက်တောမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်ဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြို့မိ၊ မြို့ဖများကဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏တည်ငြိမ်အေးချမ်းရေး၊ စားနပ်ရိက္ခာဖူလုံရေးအတွက်ဆောင်ရွက်နေမှုများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးစိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာများထုတ် လုပ်သုံးစွဲနိုင်ရေး၊ မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ထုတ်ကုန်တစ်ခုထုတ်လုပ်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူများပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)